Saturday, June 20, 2020

လူနဲ့ မိကျောင်း ဘယ်သူပိုရက်စက်လဲ ?






လူနဲ့ မိကျောင်း ဘယ်သူပိုရက်စက်လဲ ?

မိန်းမလှကျွန်းဟာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အောက်ဘက် ရေမိုင်၁၃မိုင်အကွာမှာ တည်ရှိနေပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ဒီရေတောဧက ၃၃၇၇၉ဧက ပေါက်ရောက်ပြီး ဒီရေတောမျိုးစိတ် ၂၉မျိုးတိတိရှိပြီး အာဆီယံအမွေအနှစ်စာရင်းဝင်ထားတဲ့ ဥယျဉ်ဘေးမဲ့တော တခုဖြစ်ပြီး ရှားပါးဆောင်းခိုငှက်တွေ တထောက်လာပြီး နားရတဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ဒေသဖြစ်ပါတယ်။ အဲ့တော့ ခွင့်ပြုချက်မရှိပဲ မိန်းမလှကျွန်းထဲဝင် အသေပစ်ခတ် ဖမ်းဆီးပစ်နိုင်တဲ့ အာဏာ အပြည့်ရှိပါတယ်။ ခိုးဝင်ပြီး သစ်ခိုးခုတ်တဲ့ မောင်မင်းကြီးသားများ ၊ ဆေးချပြီး ငါးဖမ်းတဲ့ ဂဏန်းသမား အယောင်ဆောင် လူအန္ဓများ ဒီပို့စ်လေးကို ဖတ်မိကြပါစေလို့ ဆန္ဒပြုပါတယ်။🙏🙏🙏

မိန်းမလှကျွန်းမှာ မိကျောင်းတွေ ဘယ်အချိန်ကတည်းက ရှိခဲ့တာလဲ ?
*********************************

မသိရင် မှတ်ပါ ။ ကမ္ဘာဦးကတည်းက တည်ရှိလာကြတဲ့ သက်တမ်းအရင့်ဆုံး သတ္တဝါ စာရင်းမှာ မိကျောင်းသည် ထိပ်ဆုံး စာရင်းထဲမှာပါပါတယ်။ မိန်းမလှကျွန်းဆိုတာဟာ ရှေးပဝေဏသီ စကားကြီးစကားကျယ် ချီပြီးပြောရရင် ဘုရားမပွင့်ခင်ကတည်းက ရှိခဲ့ပြီး ကျွန်းထဲမှာရှိတဲ့ ငမိုးရိပ်မိကျောင်းမျိုးစိတ် Crocodylus Porosus ဟာလည်း အဲ့အချိန်ကတည်းက သဘာဝ ဂေဟစနစ် (Ecosystem) ပေါ်မှီခိုပြီး ကျင်လည်ကျက်စားနေထိုင်ခဲ့ကြတာပါ။ ဘယ်သူမှ တခြားတနေရာရာက ယူလာပြီး ဒီကျွန်းကြီးထဲ လွှတ်ပေးထားပြီး ပွားများလာတာ မဟုတ်ပါဘူး။ အဲ့တော့ လူတွေက မိကျောင်းဆီ ရောက်လာတာလား မိကျောင်းက လူတွေဆီရောက်လာတာလား ဆိုတဲ့ အဖြေ ဒီမှာတင် ရှင်းလောက်ပြီထင်ပါတယ်။

ဒါပေမယ့် Ecosystem လို့ခေါ်တဲ့ သဘာဝဂေဟစနစ်အကြောင်းကို ကျွန်တော်ဆက်ရှင်းရပါမယ်။ လူသားနှင့် တောရိုင်းတိရိစ္ဆာန်ကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တိုင်းကိုလေ့လာကြည့်မယ်ဆို Ecosystem ကို နားမလည်ခြင်းကြောင့်သာ အဓိက ဖြစ်ပွားရတာများပါတယ်။

ခု မိကျောင်းကိုက်ခံရလို့

" မိကျောင်းတွေ ဒီလိုသာ ပွားနေရင် အနီးနားပတ်ဝန်းကျင်ကရွာက လူတွေ အန္တရာယ်ဘယ်လောက်များလိုက်မလဲ" ဘာညာ မနေ့က ပို့စ်အောက်မှာ လာမန့်ကြတာတွေ့ရပါတယ် ။ အဲ့တော့ ဂေဟစနစ်ကို မရှင်းမဖြစ် ရှင်းပြရဖို့တာဝန် ကျွန်တော့်မှာ ရှိလာပါတယ်။

ကျွန်းထဲမှာနေထိုင်ကြတဲ့ ငမိုးရိပ်မိကျောင်းတွေဟာ ကျွန်းထဲမှာရှိတဲ့ ဒီရေတောအပင်များက ရရှိတဲ့အစာကို မှီတင်းစားသုံးတဲ့ ရေနေသတ္တဝါဖြစ်တဲ့ ငါး ပုဇွန် ဂဏန်း အပြင် သွေးနွေးသတ္တဝါဖြစ်တဲ့ ပင်လယ်ဖျံ ၊ တောဝက် ၊ ဆတ် ၊ တောကြောင် ၊ မျောက်တံငါ ၊ တောခွေး အစရှိတဲ့ တိရိစ္ဆာန်တွေကို ရှာဖွေစားသောက်ပါတယ်။

အထက်မှာပြောခဲ့တဲ့ တိရိစ္ဆာန်တွေဟာ ဟိုးယခင်က မိန်းမလှကျွန်းထဲများ ပေါပေါများများရှိခဲ့ပြီး သူတို့အတွက်လည်း အစာရေစာ လုံလောက်ခဲ့ကြပါတယ်။ သဘာဝဂေဟစနစ်ဆိုတာ အလွယ်ရှင်းပြရရင် တဦးက တဦးကို မှီခိုရှင်သန်ရတဲ့ စနစ်တခုဖြစ်ပါတယ်။တောဝက်က တောထဲမှာရှိတဲ့ ဒီရေတောအပင်အောက်တွေမှာရှိတဲ့ ပိုးကောင် မွှားကောင် တီကောင်စတဲ့ သတ္တဝါတွေကို အစွယ်နဲ့တူးဖော် စားသောက်ပြီး တောဝက်ကိုကျ မိကျောင်းက ပြန်စားပါတယ်။ ငါး ၊ပုဇွန် ၊ ဂဏန်းတွေဟာလည်း ဒီကျွန်းထဲပေါက်ရောက်တဲ့ လမု ၊လမဲ့ ၊ ကနစို ၊ မြင်းက ၊ မဓမ ၊ဗြူး ၊ သမဲ့ စတဲ့ စတဲ့ တခြားဒီရေတောပင်တွေက ကြွေကြတဲ့ အသီးတွေကိုစားသုံးကြရပါတယ်။ ဒီ ငါး ပုဇွန် ဂဏန်း စတဲ့ သတ္တဝါတွေကို မိန်းမလှကျွန်းထဲမှာရှိတဲ့ သစ်ကြောင် ၊တောကြောင် ၊ကြောင်တံငါတွေက လည်းစားကြပါတယ်။ မိကျောင်းပေါက်စလေးတွေကလည်း ဒီရေကျချိန်ကမ်းစပ်မှာရှိတဲ့ ပုဇွန်စိတ်လေးတွေကို ဖမ်းယူစားသောက်ပြီး ဒီအရွယ်မရောက်သေးတဲ့ မိကျောင်း ပေါက်စလေးတွေက်ို ကြီးမားတဲ့ ငှက်အမျိုးအစားတွေဖြစ်တဲ့ လင်းယုန် ၊ စွန်ခေါင်းဖြူ ၊ သိမ်းငှက်လို ငှက်အမျိုးအစားတွေက သုတ်ချီစားသုံးကြပြန်ပါတယ်။ဒီတော့ သူ့အစာနဲ့သူ လည်ပတ်နေတဲ့ သဘာဝအခြေနေတခုကို Ecosystem သဘာဝဂေဟစနစ်လို့ခေါ်ပြီး ဒီအစာစက်ဝိုင်း (Food Cycle) ပျက်ယွင်းပြီဆို ပြသနာ တခုမဟုတ် တခု သူတို့ကြားထဲမှာစဖြစ်လာပါတယ် ။ ကဲ ထားတော့ ခု မိကျောင်းမ ဘယ်လိုအချိန်မိတ်လိုက်ပြီး ဘယ်လိုအသိုက်တည်ဆောက်လဲဆ်ိုတာ ဆက်လေ့လာကြည့်ရအောင်။

အရွယ်ရောက်မိကျောင်းမဟာ မိကျောင်းထီးနဲ့ မိတ်လိုက်ပြီး ဥချရမယ့်အချိန်နီးကပ်လာတာနဲ့ သူ့အသိုက်ကို ဖန်တီးရပါတော့တယ်။မိကျောင်းများဟာ ရေထဲမှာပဲ မိတ်လိုက်တတ်ပြီး မိတ်လိုက်တဲ့အခါရေထဲမှာဒေါင်လိုက် ဝမ်းဗိုက်ခြင်းကပ်ပြီး မိတ်လိုက်ကြပါတယ်။ မိကျောင်းတွေဟာ မိတ်လိုက်ဖို့ ပြင်ဆင်တဲ့ အချိန်မရောက်ခင် မိကျောင်းအထီးတွေဟာ အမ ကိုလုရင်း တကောင်နဲ့တကောင် အငြှိုးတကြီး တိုက်ခိုက်တတ်ကြပါသေးတယ်။ အဲ့လိုအချိန်ဆိုအနားမကပ်တာအကောင်းဆုံးဖြစ်ပြီးမာန်ဖီလို့ သူတို့နှုတ်ကထွက်တဲ့အသံဟာ ကျွဲတကောင်ရဲ့ အသံနဲ့ဆင်တူပါတယ်။

မိတ်လိုက်ပြီးမိကျောင်းမဟာအသိုက်ဖန်တီးရန်အတွက် သူ့အသိုက်ကို ငှက်ကြီးတောင်ပင်လို့ ခေါ်တဲ့ ရှည်မျောမျော ရှိတဲ့ ဒီရေတောပင်ကနေ ရတဲ့အရွက်နဲ့ ကျွန်းထဲမှာရှိတဲ့ အပင်တွေကရတဲ့ သေးငယ်တဲ့သစ်ကိုင်းခြောက်များ ရွှံများကို ရောနှောပြီးသူ့အမြီးနဲ့ ရိုက်ပုတ်ခါ အသိုက်ကို ခိုင်ခံ့သထက် ခိုင်ခံ့အောင် တဆင့်ချင်း တဆင့်ချင်း တည်ဆောက်ပြီးအဲ့အသိုက်မှာ ဥဥပါတယ်။ သူကတော့ ဒီရေကျချိန် ကုန်းပေါ်တင်ကျန်နေတဲ့ ရေအိုင်အသေးစားလေးတခုထဲမှာ ပုန်းအောင်းပြီးသူ့အသိုက်ကိုစောင့်ရှောက်ပါတယ်။ မိကျောင်းမဟာ အကောင်ပေါက်လာပြီဖြစ်တဲ့ သားပေါက်မိကျောင်းများကို နှုတ်ဖြင့်ကိုက်ချီယူဆောင်ပြီး ရေထဲချပေးလိုက်တဲ့အချိန်ပြီးရင် သူ့သားသမီးတွေကိုဆက် စောင့်ရှောက်လေ့ မရှိတော့ပါဘူး။ ဒီနေရာမှာ အရေးကြီးတာတချက်က ကိုယ်ဟာ ဒီဒေသမှာ နေထိုင်တဲ့သူဆို ငှက်ကြီးတောင်ပင်ဟာ မိကျောင်းမ အသိုက်လုပ်ရာမှာ သုံးတဲ့ အဓိက ကုန်ကြမ်းဆိုတာ သိရမှာဖြစ်ပြီး မိမိဟာ စီးပွားရေးအဆင်မပြေလို့ တောထဲ သစ် ထင်းအစရှိတာတွေ ဝင်ပြီးခိုးခုတ်ရင်တောင် ဒီအပင်တွေများများရှိတဲ့နေရာရောက်ပြီဆို သတိအင်မတန်ထားရမှာပါ။

မိကျောင်းသိုက်ရှိတက်လို့ပါပဲ ။ မိကျောင်းသိုက်တခုမှာ ဥပေါင်း ၃၀ကနေ ၈၀ လောက်ထိ ပျမ်းမျှရှိတတ်နေပြီး အကောင်ပေါက်လာတဲ့အထိ မိခင် မိကျောင်းမကြီးက အသိုက်နားမှာ စောင့်ရှောက်နေတတ်ပါတယ်။ အကောင်ပေါက်လာတဲ့မိကျောင်းလေးတွေဟာ ဒီရေကျချိန် ကမ်းစပ်တလျှောက် ငါးနှင့် ပုဇွန်ငယ်လေးများကိုစားသောက်ပြီး ရှင်သန်နေထိုင်ကြပါတယ်။ စွန်ခေါင်းဖြူနဲ့ စွန်ရဲ သိမ်းငှက်လေးတွေဟာ ဒီမိကျောင်းပေါက်စလေးတွေက်ို သုတ်ချီစားသုံးတာဖြစ်လ်ုိ့ မိကျောင်းကောင်ရေ ၁၀၀ပေါက်ခဲ့ရင်တောင် ၅ကောင်လောက်ပဲ အရွယ်ရောက်ကြီးထွားရှင်သန်နိုင်ကြတာပါပဲ။ ဒါက်ို ကြည့်ရင် မိကျောင်းဟာ ဥတွေအများကြီးဥ အကောင်တွေ အများကြီးပေါက်သော်လည်းပဲ ၅ကောင်မျှသာ ရှင်သန်နေရတာက်ိုက သဘာဝက သူ့စနစ်ကို သူပြန်ထိန်းတဲ့ ဂေဟ သဘောတရားပါပဲ။

သဘာဝဂေဟစနစ် ဘယ်အချိန်မှာ ပျက်စီးသလဲ ဘာတွေဆက်ဖြစ်လာနိုင်သလဲ
******************************

ဖွံ့ဖြိုးတိုးတက်မှူ့ဟာ ကောင်းတဲ့ အကျိုးသက်ရောက်မှူ့ရှိသလို အဆိုးဘက်သက်ရောက်မှု့့ လည်း ရှိပါတယ်။ တဖြည်းဖြည်း တောကြီးမျက်မည်းထဲ လူတွေ ကျူးကျော်ဝင်ရောက်လာတယ်။ ခုနက မိန်းမလှကျွန်းနားမှာဆို ရွာပေါင်း ၆၀ နီးပါး ရှိနေပါတယ်။ ဒီတော့ ပတ်ဝန်းကျင်ရွာက လူတွေဟာ ငါးရှာ ဖားရှာ ဂဏန်းရှာဖို့ ဒီတောထဲကို ကျူးကျော် ဝင်ရောက်လာကြရုံသာမကပဲ ဒီရေတောပင်တွေကို စီးပွားဖြစ်ခုတ်လာကြပါတယ်။ ခုတ်လိုက်တာမှ ကျွန်တော်သတိထားမ်ိတာ ဒီ ၅နှစ်အတွင်း တချို့နေရာတွေဆို တော်တော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့အထိကိုခုတ်ကြတာပါ။ အဲ့တော အကျိုးဆက်က ဒီရေတောပင်တွေက ရတဲ့ အသီးတွေပေါ်မှီနေတဲ့ ရေနေသတ္တဝါတွေဟာ အစာရေစာ မလုံလောက်တာကြောင့် တခြား အစာရေစာ ပေါများမယ့် နီးစပ်ရာ ဝန်းကျင်က်ို ရွှေ့ပြောင်းကြတော့တာပါပဲ။ သစ်ပင်ခုတ်လို့ ဒီရေတောပင်က အစာမရတော့လို့ ငါးပုဇွန် ရှားပါးသွားရတာအဓိက အချက်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ အဲ့ဒါထက် ပိုဆိုးတာက လယ်ယာသုံး ပိုးသတ်ဆေးတွေ ကို မိန်းမလှကျွန်းထဲက ချောင်းငယ် မြောင်းငယ် တလျှောက် ဝင်ပြီး ချကြပါတယ်။ ပိုးသတ်ဆေးဟာ နို့တိုက်သတ္တဝါ မဟုတ်တဲ့ သတ္တဝါတွေအကုန်သေစေပြီးဆေးချပြီးတာနဲ့ တပြိုင်နက် ချလိုက်တဲ့ ချောင်းထဲ မြောင်းထဲရှိသမျှ ငါး ပုဇွန် အသေး အကြီးက အစ ရေပေါ်ပေါလော ပေါ်လာပြီး ဆေးလာချတဲ့ မောင်မင်းးကြီးသားများက ဒီ ငါးပုဇွန်တွေကို မြို့ပေါ်တင်ပို့ရောင်းးချတော့တာပါပဲ။ အဲ့တော့ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင် ။ ကျွန်တော်ပြောတဲ့ သဘာဝ ဂေဟ စနစ်ဆိုတာဒီမှာ စပျက်ပါတယ်။ သစ်ခုတ်လို့လည်း ပျက်တယ်။ ဆေးချပြီးငါးဖမ်းတဲ့အတွက်ကြောင့်လည်း ပျက်တယ်။ ဒီတော့ ဒါတွေက်ိုဝယ်စားတဲ့ ကျွန်တော်တို့လူသားတွေကျတော့ ဂေဟစနစ်တင်မဟုတ်ပဲ ကျန်းမာရေးပိုင်းပါ ပျက်စီးယိုယွင်းလာပါတယ်။ ဆေးရုံဆေးခန်းတွေမှာ သွားကြည့်ကြပါ ။အလှူပေးနေသလ်ိုပဲ။ စျေးထဲရောက်ဖူးရင် လေ့လာပါ ကိုယ်စားသောက်တဲ့ အသားငါးဟာ ဘေးကင်းရဲ့လား?

အနီးအနားပတ်ဝန်းကျင်မှာ သမားရိုးကျ ငါးဖမ်းတာလုပ်ကိုင်စားသောက်နေတဲ့ တံငါသည် တယောက်ကိုမေးကြည့်စမ်းပါ။
ခင်ဗျားတို့ လွန်ခဲ့တဲ့ ၅နှစ်လောက်ကနဲ့ ခုနဲ့ ငါးဖမ်းရတာ ဘာတွေကွာသွားလဲလုိ့?

မေးဖြစ်အောင်မေးပါ။ စျေးထဲကြုံရင်လျှောက်ကြည့်စမ်းပါ ။ သဘာဝထဲက ရတဲ့ ငါးနဲ့ ဓာတုဆေးဝါးသုံးပြီးမွေးတဲ့ မွေးမြူရေးငါး ဘယ်ဟာများသလဲလုိ့။ နဖူးပေါ်လက်တင်ပြီးစဉ်းစားစေချင်ပါတယ်။

မပြီးသေးဘူး ခုနက သဘာဝဂေဟစနစ်ပျက်စီးခြင်းကြောင့် ဘာတွေဆက်ဖြစ်မလဲ ဆက်ကြည့်ရအောင်။ သစ်ခုတ်လို့ အပင်မျိုးစိတ်တွေ သုဉ်းတဲ့အပြင်ငါးပုဇွန်တွေဟာ ဆေးချ ဖမ်းဆီးခြင်းခံရတာကြောင့် ဆိုးသထက်ဆိုးလာတယ်။ မိကျောင်းကိစ္စ ဒီမှာလာပြီနော်။ ဟိုးပဝေဏသီက အစာရေစာ အလွန်ပေါကြွယ်ဝတဲ့ ဒီကျွန်းကြီးထဲမှာ ဘယ်မိကျောင်းမှ အပြင်ထွက်သွားစရာမလိုသလို အစာရေစာလည်း မပြတ်ခဲ့ဘူး။ ကျွန်းထဲကရတဲ့အစာနဲ့တင် လုံလောက်တော့ မိကျောင်းက လူကိုလည်း ရန်ပြုစရာဘာအကြောင်းမှ မရှိခဲ့ဘူး။ ဟော ခုတော့ သစ်ပင်သုဉ်းတော့ ငါးမျိုးသုဉ်းတဲ့အပြင် ဆေးချတဲ့အတွက် ကျွန်းထဲမှာ သူတို့အတွက် တိုးပွားလာတဲ့ မိကျောင်းအရေအတွက်အဖို့ အစာမလောက်တော့ဘူး။ အရင်က မိတ်လိုက်ရာသီမှ အပြင်ထွက်တာ ။ ခုက မထင်ရင် မထင်သလို နီးစပ်ရာ ရွာတွေက်ို လစ်ရင် လစ်သလိုဝင်ဆွဲတော့တာ ။ ဘဲ ကြက်လောက်ကို စကားထဲထည့်မပြောဘူး။ ဝက် ကျွဲ နွား စတာတွေပါလာပြီ။ ခု လူတွေပါ ပါလာပြီ။ စောင့်ကြည့်ပါ ဒီတိုင်းဆို မိကျောင်းရဲ့ ရန်ပြုတ်ိုက်ခိုက်ခြင်းကို ခံရဖို့ အခွင့်အလမ်း အနီးပတ်ဝန်းကျင်ကရွာတွေ ပိုနီးစပ်သွားပြီ ။ အဲ့တော့ ကျွန်တော်မေးပြီ။ လူက မိကျောင်းဆီရောက်အောင်သွားတာလား မိကျောင်းကို လူတွေက မရောက်ရောက်အောင် ခေါ်နေတာလားဆိုတာ။

ဒါတောင် ကျွန်းထဲဝင်ပြီး ငှက်ထောင် ၊ တောဝက်ထောင် ၊ မြွေဖမ်း ၊ ဆတ်ထောင်တာကြောင့် မိကျောင်းတွေအတွက် အစာရှားပါးပြီး Ecosystem ပျက်ရတာ မပါသေးဘူး။ ကိုယ့်ကြောင့် တနည်းအားဖြင့် လူတွေရဲ့ လောဘ အတ္တကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေက်ို တိရိစ္ဆာန်တွေအပေါ် ပုံချ အညှိုးထား အမုန်းပွားအောင်ပြောဆိုနေတာတွေဟာ တရားမှ တရားရဲ့လား။ ခင်ဗျားတို့ဟာ ဒီ မိန်းမလှကျွန်းပတ်ဝန်းကျင် ရွာ ၆၀ နီးပါးမှာ နေထိုင်ကြတဲ့ သူတွေဆိုရင် ပိုတောင် လေ့လာထားရမှာပါ ။ တချိန်ချိန် ကိုယ့်သား သမီး မိဘ ညီအကို မောင်နှမ တွေထဲက ဘယ်သူမိကျောင်းစာ ဖြစ်လာမယ်ဆိုတာကို ကြိုမမြင်နိုင်တဲ့ ခပ်မိုက်မိုက် အနာဂတ်တခုကို မဖန်တီးချင်ကြပါနဲ့လား။

ဝိုင်းဝန်းပြီး ထိန်းသိမ်းစောင့်ရှောက်ကြရမှာ။ တကယ်စိတ်ရင်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ တော်တော်လေး အရေးတကြီးလိုအပ်နေပါပြီ။ မပြီးသေးဘူးနော် လိုရင်းကို ဆက်သွားကြရအောင်ဗျာ။

မိန်းမလှကျွန်းတာဝန်ခံတွေ ဘာလုပ်ရလဲ? ဘယ်လိုတွေ ထိန်းသိမ်းနေလဲ ?
***********************

ဧက ၃၃၇၇၉ ရှိတဲ့ ဒီကျွန်းကြီးကို တာဝန်ယူထိန်းသိမ်းနေရတဲ့ ဝန်ထမ်းအရေအတွက် တောအုပ်တောခေါင်း ၁၀ယောက်မကျော်ပါဘူး။ ဒီမှာ ပြသနာကစပါတယ်။ ဒီ လက်ချိုးရေတွက်လို့ရလောက်တဲ့ လူတစုစာလေးဟာ ဒီ ဧရိယာကြီးကို ဘယ်လိုထိန်းမှာပါလဲ။ သေချာတွေးကြည့်ရင် ရယ်စရာကြီးပါ။

အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေ ၊ စပ်တပ် ၊ ရဲ အစရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနီးအနားမှာ ရှိတဲ့ ရပ်ရွာက တာဝန်ရှိသူတွေ လစဉ်ကင်းလှည့်ကြရပါတယ်။ သူတို့တွေတင်မကပဲ INGO တွေ NGO တွေလည်း ပူးပေါင်းပြီး ဒီကျွန်းးကြီး ရေရှည်တည်တံ့ ခိုင်မြဲဖို့ အတူပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ကျွန်တော်လေ့လာကြည့်မိသလောက် WCS နဲ့ FFI အဖွဲ့စည်းကြီးတွေ တကယ် ထဲထဲဝင်ဝင် ပူးပေါင်းနေကြပါတယ်။ ဒါပေမယ့် Conservation လို့ ခေါ်တဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဟာ တကယ်ရော ထိရောက်ပြီလား။ တိုးတက်လာပြီလား ဆ်ိုတာ ဒီဒေသကို ၅နှစ်ကြာ ခရီးစဉ်တွေလုပ်နေတဲ့ ကျွန်တော်စဉ်းစားကြည့်မ်ိပါတယ်။ ဒီ၅နှစ်အတွင်း ကျွန်းထဲမှာ အချိန်တော်တော်များများ ရှိနေခဲ့တဲ့ ကျွန်တော့်ကိုယ်တိုင်စုစည်းကြည့်မ်ိတဲ့ အချက်တွေနဲ့ နှိုင်းယှဉ်သုံးသပ်ကြည့်ပါမယ်။

Ready ?

လွန်ခဲ့တဲ့ ၅နှစ် ကျွန်တော်ဒီဒေသက်ို သူငယ်ချင်းတွေနဲ့ စရောက်တော့ ကျွန်းကြီးဟာ အင်မတန်မှ ပျော်စရာကောင်းပြီး ဆေးချ ငါးဖမ်းတာ သစ်ခိုးခုတ်တာ မရှိသလောက်နီးပါးပါ။ ထင်းခုတ်တာလောက်ပါပဲ ကိုယ်တိုင်တွေ့တာနော်။

ဒီကျွန်းပတ်ဝန်းကျင် ရွာ ၆၀နီးပါးသာမက တခြားအရပ်က လာပြီး သမားရိုးကျ ရိုးရာငါးဖမ်းနည်းနဲ့ ငါးဖမ်းကြတဲ့ (Traditional Fishing Methods )တံငါသည်တွေ အမြောက်အမြား ငါးဖမ်းကြပါတယ်။ ဒီကျွန်းကြီးကို မှီခိုနေကြရတော့ စည်းကမ်းတကျဖြစ်အောင် ရေထ ရက် ငါးဖမ်းခွင့်ပေးတယ် ။ ရေသေရက် ငါဖမ်းခွင့်ပိတ်တယ်။ (ဒေသအခေါ် ကျွန်းပိတ်တယ်ပေါ့) ။ ဒါလည်း ဂေဟစနစ်တခုပါပဲ။ လူ၁၀ယောက်လောက်နဲ့ ထိန်းချုပ်နေရတဲ့ ဒီကျွန်းကြီးဟာ ဒေသခံ စိတ်ချယုံကြည်ရတဲ့ငါးဖမ်းးသမားတွေ အကူအညီနဲ့ တော်တော်လေးလုံခြုံခဲ့ပါတယ်။ သူတို့ကလည်း သစ်လာခုတ်မယ့်လူ ဆေးချမယ့်လူ ကျွန်းထဲဝင်လာတာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများကိုဖုန်းဆက် အသ်ိပေး တိုင်တန်း ဖမ်းဆီးအရေးယူတာတွေ လုပ်ခဲ့ကြပါတယ်။ နောက်ပြီး ဒီကျွန်းကြီးထဲမှာ မိကျောင်းတွေအတွက်ရော မှီခိုပြီး ငါးဖမ်းနေကြတဲ့ တံငါသည်တွေအတွက်ရော အရမ်းနာမည်ကြီးတဲ့ ချောင်းတွေရှိပါတယ်။အဲ့ချောင်းတွေကတော့

၁။ ကြောင်ထောက်ချောင်း
၂။ ပိုးလောင်းကြီးချောင်း
၃။ ပိုးလောင်းလေးချောင်း ***
၄။ သပြေချောင်း ***
၅။ကျောက်ခဲချောင်း ***
၆။အမဲချောင်း
၇။မျောက်တရာ နဲ့ ထော်ပိုင်ဆက်ထားတဲ့ချောင်းအကြီးစား
စတဲ့

မိကျောင်းတွေ ကျင်လည်ကျက်စားရာ အဓိက ချောင်း ၇ချောင်းရှိပါတယ်။ ဒီချောင်းတွေမှာ Volunteer စေတနာ့ဝန်ထမ်းတွေဖြစ်ပြီး စိတ်ချအယုံကြည်ရဆုံး တံငါတွေကို ချောင်းထိပ်မှာ နေထိုင်စေပြီး ကျွန်းကြီးရဲ့ အဝင်အထွက်ကို စောင့်ပြီးကြည့်စေရပါတယ်။ ဒီလူတွေဟာ တောထဲလာပြီးVolunteer အားဖြည့်ကူညီပေးသူတွေဖြစ်လုိ့ သက်ဆ်ိုင်ရာက ငါးဖမ်းခွင့် ပေးထားပါတယ်။ နိုင်ငံတော်က လစာ မပေးနိုင်တဲ့အတွက် ဒီအချက်ကို ကျွန်တော် နားလည်လက်ခံမိပါတယ်။သူတို့တွေလည်း နေ့စဉ်စားဝတ်နေရေးအတွက် ငါးရှာမစားလို့ ဘယ်သူကမှ ထမင်းချိုင့် လာပို့ပေးမှာလဲ 😂 ?

ဒီ စခန်းတွေဟာ ကျွန်းရဲ့အဓိက ဝင်ပေါက်တွေ မြစ်တွေစုံပြီး စီးဆင်းရာနေရာတွေဖြစ်လို့ အချက်ချာကျပြီး တယောက်ယောက်ဝင်လာရင်ကို အလွယ်တကူ သိနိုင်ပြီး ကျွန်းအတွက် တော်တော် အထောက်ကူရခဲ့ပါတယ်။

သတိထားမိသလောက် ၂၀၁၇ နှစ်ဦးပိုင်းလောက်ကစပြီး Conservation System ပြောင်းသွားတယ်ထင်ပါတယ်။ ကျွန်းကြီးရေရှည်တည်တံ့စေရန် ဆိုတဲ့ တဖက်ပိတ်အယူနဲ့ ဘယ်ငါးဖမ်းသမားမှ ကျွန်းထဲ ငါးဝင်မဖမ်းရ ၊ ကျွန်းထဲမနေထိုင်ရဆိုပြီး တခါတည်းပိတ်ချလိုက်ပါတယ်။ Conservation ဆိုတဲ့အဓိပ္ပါယ်ကို လူကြီးမင်းများ မသ်ိတာလား ၊ နားမလည်တာလား ၊ သိသိကြီးနဲ့ များ လုပ်လိုက်တာလား ကျွန်တော့်အနေနဲ့ ခုထစဉ်းစားမရပါ။

Conservation ဆိုတာ Wisely Management ပါ။

အသိဥာဏ်ပညာမရှိရင် ထိန်းရာမရောက်ပဲ အဲ့ဒေသကို ဖျက်ဆီးပစ်ရာရောက်ပါတယ်။ လူပြိန်းတွေးတွေးရင် ကျွန်းးပိတ်လိုက်လို့ ကျွန်းဟာ လူသူကင်းမဲ့ပြီး Ecosystem တွေ တဟုန်ထိုး ဖွံ့ဖြိုးပြီး မိချောင်းတွေ လွတ်လပ်စွာ ပွားများခွင့် ရမယ်ထင်ကြတယ် ထင်ပါရဲ့။
😂😂😂 ငါးတွေ
ဗုံးဘောလအော ပြန်ပွားကြမယ် ထင်ကြသလားမသိ ။ ထောက်ခံတဲ့သူက ထောက်ခံ။ ပျော်စရာကြီးပေါ့။

ှမှတ်ထားပါ။ မိန်းမလှကျွန်းဟာ အဲ့အချိန်ကစပြီး ပျက်စီးခြင်းဘက်ကို တည့်တည့်ကြီး ဦးတည်သွားပါတယ်။ ပုံမှန် တရားမဝင် ဝင်ရောက်ပြီး သစ်ခိုးခုတ်မယ့်သူတွေဟာ အရင် Volunteer စခန်းတွေ ရှိတုန်းက မဝင်ရဲပေမယ့် ဆေးခိုးချပြီး ငါးဖမ်းးကြမယ့် အနီးအနားရွာက လူယုတ်မာတွေက ခုနက Conservation ခေါ်ရမလား ကွန်ဆာဗေးတစ်သမားတွေလို့ပဲ ခေါ်ရမလား ဆိုတဲ့သူတွေကြောင့် အပျော်ကြီး ပျော်ရပါတော့တယ်။

သစ်ခုတ်မလား ? အကြိုက်ခုတ်စမ်း
ဆေးချမလား ? တံခါးမရှိ ဓားမရှိ တားမယ့်သူမရှိ

အာဏာပိုင်တွေ ကျွန်းတာဝန်ရှိသူတွေက်ို ကွင်းပြင်ထိဖြစ်အောင် ခုတ်ထားတဲ့ နေရာများရောက်ရင် ဖုန်းလေးဆက်ပြီး အကိုရေ ဘယ်လိုဖြစ်တာလဲဗျာ လှမ်းမေးလိုက်ရင် ကျွန်းထဲ လူမရှိတော့တာကြောင့် အထက်အမိန့်ကြောင့် ကျွန်းပိတ်ထားရပြီး သူတို့လည်းဘာမှ မတတ်နိုင်ပါဘူးလို့ပဲ ဖြေနိုင်ရှာကြတယ်။ အဲ့နေရာတွေရောက်ရင် ဧည့်သည်တွေလဲ မျက်နှာမကောင်း ၊ ကျွန်တော်လည်း ပုဆိုးထဲခေါင်းဖွက် စကားလမ်းကြောင်း လွှဲရတာပဲ တတ်နိုင်တယ်။

ဒီမှာ အထက်က ပြောခဲ့တဲ့ ကျွန်းရဲ့ အပြန်အလှန်ထောက်ပံ့ကူညီမှု့ စောင့်ရှောက်မှူစနစ့်ပြတ်တောက်ပြီး ကျွန်းးရဲ့Ecosystem လုံးဝပျက်စီးသွားတယ်။ ရိုးရာငါဖမ်းနည်းနဲ့ ငါးရှာ ဂဏန်းရှာ လုပ်ကိုင်စားနေကြသူတွေရဲ့ ဘဝပေါင်းများစွာပျက်စီးသွားတယ်။ ရိုးရာငါဖမ်းနည်းဟာ ဒီကျွန်းကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရတဲ့ ဘဝပေါင်းများစွာနဲ့ သက်ဆ်ိုင်တယ်။ အလုပ်အကိုင်တွေနဲ့ဆိုင်တယ်။ ဒီတံငါသည် အဖေတွေကို မှီခိုနေရတဲ့ ကလေးပေါင်းများစွာရဲ့ အနာဂတ်နဲ သက်ဆိုင်တယ်။ မရိုးသားတဲ့ သူရှိရင် လူသစ်နဲ့ ဆက်သွားကြပါ။ လက်ခံပါတယ်။ လူပုဂ္ဂိုလ်အချင်းချင်း မကျေနပ်ချက် အတ္တတွေနဲ့ ဒေသ ဓလေ့ကို မဖျက်ဆီးကြပါနဲ့ ။ သမားရိုးကျ ငါးဖမ်းနည်းနဲ့ ပဝေဏသီကတည်းဒီကျွန်းထဲ ငါးဖမ်းလာကြတာ ဘယ်ငါးမှ မျိုးမသုဉ်းခဲ့ကြပါဘူးဗျာ။
လူမကြိုက်ရင်လူပြောင်းပါ ။ ဓလေ့တော့မပြောင်းကြပါနဲ့။

နောက်ဆို မိကျောင်းတွေအတွက် အစာရေစာမရှိတဲ့ ဒီကျွန်းကြီးဟာ ပျက်စီးသထက် ပျက်စီးလာဖို့ပဲ ရှိပါတော့တယ်။ တာဝန်ရှိလူကြီးမင်းများ ပိုးလောင်းလေး သပြေ ရေကျော်နဲ့ သပြေ ကျောက်ခဲချောင်းတွေထဲထိ သွားကြည့်ကြပါ။ ကျွန်းထိပ်မှာပဲ
သြဝါဒ ခြွေပြီး ကော်ဖီသောက်ပြီးမပြန်ပါနဲ့။ 🙏🙏🙏

အခုအချိန် တနှစ် ၃ယောက်လောက် မိချောင်းအကိုက်ခံရရင် နောက်ဆို ၁၀ယောက်ကနေ အယောက်၂၀ တိုက်ခ်ိုက်ခံလာရနိုင်တယ်။ သဘာဝမှာ လျော်ကြေးမရှိပါဘူး။

သက်ဆိုင်ရာအနီးဆုံးကျေးရွာက တာဝန်ရှိသူတွေကလည်း ဒီ မိန်းမလှကျွန်းကြီး သာယာလှပဖို့ သဘာဝသယံဇာတတွေ တိုးပွားမလာရင်တောင် ထပ်ပြီး မပျက်ဆီး မပြုန်းတီးစေဖို့ ပညာပေးကြဖို့လိုပါတယ်။ တယောက်အားနဲ့ မရပါဘူး အကုန်စုစည်းပြီး တက်ညီလက်ညီထိန်းကြဖို့လိုပါတယ်

မနေ့က မိကျောင်းဘယ်လိုအချိန်ဘယ်လိုနေရာမှာ တိုက်ခိုက်တတ်တယ်ဘယ်လိုရှောင်ရမယ်ဆိုတာပဲပြောခဲ့တာပါ။ ခုကတော့ ဘာလို့ ဒီ တိရိစ္ဆာန်တွေ အပြင်ထွက်ရတယ်ဆိုတာရဲ့အကြောင်းကိုရှင်းပြရင်း ဒီနေရာမှာတင် ရပ်နားလိုက်ရပါတယ်။

Credit-စိုးမိုးအောင်Tour Guide ( English)G-9208

No comments:

Post a Comment