Saturday, May 30, 2020

#ရိုးရိုးလေးပဲ အသက်ရှင်မယ့် သူတို့





#ရိုးရိုးလေးပဲ အသက်ရှင်မယ့် သူတို့

သူတို့နှစ်ယောက်ရဲ့
ဝတ်စားပုံနဲ့နေထိုင်ပုံက ရိုးရိုးလေးပဲ။
ကောင်မလေးက အမေရိကန်ကို
နိုင်ငံရေး ခိုလှုံဖို့ ပြေးလာတဲ့
တရုတ်-ဗီယက်နမ်
မျိုးဆက်ကမွေးတယ်။
နာမည်က ပရင်စလာချန်။
ကောင်လေး နာမည်က
မက်ခ် ဇူကာလ်ဘက်။
သူက အမေရိကန်ဖွား ဂျူးလူမျိုး
ဘာသာမဲ့ တစ်ယောက်။
ဟားဗတ်တက္ကသိုလ်ဒုတိယနှစ်
ကျောင်းပါတီမှာ သူတို့စတွေ့တယ်။
၂၀၀၃ မှာ စကြိုက်ကြတယ်။
၂၀၀၄ မှာကောင်လေးက
သူ့အိမ်မက်တွေအကောင်အထည်
ဖော်ဖို့ ကျောင်းထွက် သွားတယ်။
နောင်သုံးနှစ် အကြာ ၂၀၀၇ မှာ
သူ့ အိမ်မက်က ကမ္ဘာကျော်
သွားပြီး အသက် ၂၃ နှစ်နဲ့
ကမ္ဘာ အငယ်ဆုံး ဘီလီယံနာ
ဖြစ်လာတယ်။
၂၀၁၂ မေ ၁၉ မှာ ငယ်ချစ်
နှစ်ယောက် လက်ထပ် ကြတယ်။
ကောင်လေးရဲ့အိမ် နောက်ဘက်က
မြေကွက်မှာပဲ လက်ထပ်ပွဲ
ရိုးရိုးလေး ကျင်းပတယ်။
မီဒီယာတွေမှာ ဘီလီနာစုံတွဲရဲ့
အိမ်နောက်ဖေးကမင်္ဂလာပွဲလို့
သတင်းရေး ကြတယ်။
၂၀၁၅ ဒီဇင်ဘာမှာ ကောင်လေး
ပိုင်တဲ့ Facebook လုပ်ငန်းစု
ဟာ ကမ္ဘာတန်ဖိုး အကြီးဆုံး
အမှတ် တံဆိပ် ၁၀ ခု ထဲမှာ ပါလာပြီး
သူရဲ့ကြွယ်ဝမှု က
ဒေါ်လာ ၄၅ ဘီလီယံ ဖြစ်လာတယ်။
၂၀၁၅ ဒီဇင်ဘာ ၁ မှာ
သမီးဦးလေး မွေးတယ်။
သမီးလေး မွေးပြီးတော့ ပိုင်ဆိုင်မှုရဲ့
၉၉ ရာခိုင်နှုန်း လှူမယ် ဆုံးဖြတ်တယ်။
သူ့ငွေတွေနဲ့ ကမ္ဘာနေရာ အနှံ့က
လူသားတွေ အတွက်
ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံ
သုတေသန နဲ့ စွမ်းအင် တို့ကို
ညီမျှစွာ ရရှိအောင် ပံ့ပိုးမယ်လို့
ဆုံးဖြတ်ထားတယ်။
ဒါက ကျွန်တော်တို့ အခု သုံးနေတဲ့
Facebook ဆိုတဲ့
လူမှုကွန်ယက် ကို တည်ထောင်ခဲ့တဲ့
ကမ္ဘာ အကြွယ်ဝဆုံး
ဘီလီယံနာ တစ်ယောက် ရဲ့
ဘဝကို ဖြတ်သန်းနေပုံပေါ့။
သူနဲ့ဆန့်ကျင်ဘက်ပုံစံ ဘဝကို
ဖြတ်သန်းနေတဲ့ ဘီလီယံနာ
တွေလည်း ရှိတယ်။
ဥပမာ - တရုတ် နံပါတ် ၁
ဘီလီယံနာ ဝမ်ကျန်လင်။
သူဟာ ဒေါ်လာ ၂၅ ဘီလီယံ ပိုင်မယ်
ခန့်မှန်းရတယ်။
ဒီကောင်လေး ပိုင်ဆိုင်မှုရဲ့
တဝက်လောက် ရှိတယ်။
ဘဝကို ဖြတ်သန်းပုံတော့ မတူဘူး။
သူတို့ ကြွယ်ဝမှုကို ပြဖို့တန်ဖိုးကြီး
ကျောက်စိမ်းနဲ့ လုပ်တဲ့
ပရိဘောဂ တွေ ဝယ်ရတယ်။
အခမ်းနားဆုံး အိမ်ကို ဆောက်ရတယ်။
လွန်ခဲ့တဲ့ နှစ်တွေက သူရဲ့သားကနေ
အိမ်မွေးခွေးကို စျေးကြီးတဲ့
Apple နာရီ နှစ်လုံးပတ်ပြီး
လူမှုကွန်ယက်မှာ ဓာတ်ပုံ ရိုက်တင်
ကြွားခဲ့တယ်။
အာရပ်ကမ္ဘာက စော်ဘွားတွေလည်း
ဒီကောင်လေး တဝက်
လောက်တော့ ချမ်းသာတယ်။
သူတို့ လည်း ပင်ပန်းရှာတယ်။
နေ့တိုင်းအဖိုးတန်သစ်မွှေးအဆီ နဲ့
ထုတ်တဲ့ပစ္စည်းတွေသုံးရတယ်။
ရွှေချထားတဲ့ မာစီးဒီးကားတွေ၊
ရွှေတုံး ထုတ်ပေးတဲ့ အေတီအမ်
စက်တွေ၊ တန်ဖိုးကြီး ပြိုင်ကား၊
နာရီတွေ နဲ့ရွှေအတိပြီးတဲ့
ပရိဘောဂ ပစ္စည်း တွေ သုံးပြီး
ကြွယ်ဝမှုကို ပြိုင်ရရှာတယ်။
တပွဲကို မြန်မာငွေ
သိန်း သုံးဆယ်လောက် တန်တဲ့
ရေခဲမုန့်ကို စားပြရတယ်။
ပြီးရင် ခုန ကောင်လေး ပိုင်တဲ့
Facebook လူမှု ကွန်ယက် မှာ
တင်ကြွားရတယ်။
မက္ကဆီကို မူးယစ်ရာဇာ
အယ်ချာပိုရဲ့ သား တွေလည်း သူတို့
ကြွယ်ဝမှု နဲ့သြဇာ ရှိမှုကို လူမသိမှာ
ကြောက်နေတယ်။
ဒါကြောင့် စျေး အကြီးဆုံးကားတွေ
အများကြီး ဝယ်ထားရတယ်။
မလိုဘဲနဲ့အိုင်ဖုန်း အများကြီး
ဝယ်ပြီး ရေထဲ စိမ်ပြရတယ်။
သိန်း ထောင်ချီပေးရတဲ့
သားရဲ တိရစ္ဆာန်တွေ မွေးပြတယ်။
သေနတ်တွေ ကိုင်ပြတယ်။
မိန်းမချောလေးတွေကို အနားမှာ
အများကြီး ခေါ်ထားရတယ်။
ပြီးမှ ဒါတွေ အကုန် ဓာတ်ပုံရိုက်
ခုနက ကောင်လေး ပိုင်တဲ့
Facebook ရဲ့ လုပ်ငန်းစု
တစ်ခု ဖြစ်တဲ့ Instragram
လူမှု ကွန်ယက်မှာ တင်ရတယ်။
သူတို့လည်း မသက်သာပါဘူး။
မြန်မာပြည် သူဌေးသားတွေလည်း
ပင်ပန်းတာပဲ။
သိန်းထောင်ဂဏန်း နာရီတွေ နဲ့
အဖိုးတန် ပြိုင်ကားတွေ ဝယ်ပြီး
ဓာတ်ပုံ ရိုက်တင်ရတယ်။
ပန်းသီး တခြမ်းပဲ့ပုံ တံဆိပ် နဲ့
အခြား တန်ဖိုးကြီး တံဆိပ် တွေကို
သူများမြင်အောင် အမျိုးမျိုး
စဉ်းစားပြီး ဓာတ်ပုံ ရိုက်ရတယ်။
ပြီးရင် ခုနက ကောင်လေးရဲ့
လူမှုကွန်ယက် မှာ တင်ရတယ်။
သူတို့မိဘ သူဌေးတွေလည်း
သိပ် မသက်သာ ပါဘူး။
သိန်းပေါင်း များစွာ အကုန်ခံပြီး
ဘုရား တွေတည်၊ သူတို့နာမည်
ကမ္ဗည်းထိုး၊ ရွှေအတိပြီးတဲ့
အင်္ကျီ အလေးကြီးဝတ်ပြီး ရေစက်ချ
ရတယ်။
ဒါမှဘာသာတရား ကိုင်းရှိုင်းတာရယ်၊
ချမ်းသာတာရယ်လူသိမယ်။
ဘဝမှာ ငွေကြေး ချမ်းသာမှု ဆိုတာ
အကြောင်းကြောင်း ကြောင့်
ရရှိနိုင်တယ်။
ဒီ ချမ်းသာမှုကို
ဘယ်လို အသုံးချနေလဲ က
ပို အရေးကြီးတယ်။
ကိုယ် လုပ်နေတဲ့ လုပ်ငန်း
ပိုအောင်မြင်အောင် လုပ်မယ်။
လူတွေ အများကြီး အလုပ်အကိုင်
ရရှိအောင် ဖန်တီးမယ်။
လူပတ်ဝန်းကျင်နဲ့
ကမ္ဘာမြေကြီး ကို အကျိုးပြုမယ်။
ဝါသနာပါရာတွေကို
စိတ်ကြိုက် ဖန်တီးမယ်။
ဘဝကို အကျေနပ်ဆုံး ဖြတ်သန်းမယ်။
ဒါဆို သိပ် အေးချမ်း
ကျေနပ်စရာ ကောင်းပါတယ်။
ကိုယ့်ကို သူများတွေက
အထင်ကြီးလာဖို့ ကိုယ် ချမ်းသာတာ
ပတ်ဝန်းကျင်က သိဖို့နေထိုင်ရ၊
ကြိုးစား ဓာတ်ပုံရိုက်ပြ နေရင်း
အချိန်ကုန် သွားရတာ
ပင်ပန်းလွန်းပါတယ်။
တခြားလူတွေနဲ့ပါ ပြိုင်နေရတော့
ပူလောင်တယ်။
ငွေတွေလည်း အလကား ကုန်တယ်။
ဒါတွေ လုပ်ပြနေမှ
လူ အထင်ကြီးမှာ မဟုတ်ပါဘူး။
ဘဝရဲ့ အမွန်အမြတ် ဆိုတာ
ရိုးရိုးလေး ရှင်သန်ရတာပါ။
၂၀၀၄ တုန်းက ဇက်ကာဘက်ဆိုတဲ့
ကောင်လေး က Facebook
ဆိုတဲ့ လူမှုကွန်ယက် ကို
စတည်ထောင် ခဲ့တယ်။
အခု သူ ၃၂ နှစ်ရှိပြီ။
ကမ္ဘာ အချမ်းသာဆုံး
ဘီလီယံနာ တစ်ယောက် ဖြစ်တယ်။
သူတို့ နှစ်ယောက် ထက်တော့
ကျွန်တော်တို့ ပို မချမ်းသာနိုင်ပါဘူး။
သူတို့တောင် ဘဝကို ရိုးရိုးလေးပဲ
ဖြတ်သန်းနေပါတယ်။
Facebook ကိုလည်း
ရိုးရိုးလေးပဲ သုံးနေပါတယ်။
Phyo Ko Ko Naing
#Credit -myanmarnewsplus

Thursday, May 28, 2020

သံပုရာသီး အသုံးဝင်ပုံ (၁၀) ချက်





သံပုရာသီး အသုံးဝင်ပုံ (၁၀) ချက်


၁။ ခံတွင်း ကျန်းမာရေး

သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေ ရုံတင် မကဘူး။ တောက်ပ စေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေ ပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်း ပေးပါ။

၂။ နှုတ်ခမ်းကွဲခြင်း

မျက်နှာ လိမ်းခရင်မ် တစ်ဇွန်း (လက်ဖက်ရည် သောက်ဇွန်း)နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါ လိမ့်မယ်။

၃။ ဆံပင်ကျွတ်ခြင်း

အုန်းရည် လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

၎။ ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်

ကြက်ဥ အကာရည်နှင့် သံပရာရည် (သံပုရာသီး တစ်လုံးစာ) တို့ရောပြီး ဆံနွယ် အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီး ဆေးကြော ပေးပါ။ တစ်လလောက် လုပ်ပေး ရုံနဲ့တင် ဦးရေပြား သန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။

၅။ အသားအရေ ခြောက်သွေ့ခြင်းအတွက်

ငှက်ပျောသီးမှည့် တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီး တို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်း ကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း)ကို ဟင်းသီး ဟင်းရွက် ဆီနဲ့ ရောပေးပါ။ ပြီးရင် သံပုရာရည် တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ် တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော် နေတဲ့ နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှအပ အတွက် အကောင်းဆုံး ပေးစွမ်း စေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက်ကင်း စေတဲ့ သတ္တိ ရှိပါတယ်။ မှဲ့ခြောက် တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

၆။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက်

သံပုရာရည် နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကို ချေပြီး ပျော့ဖတ် သဖွယ် ရအောင် လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြော ပေးပါ။

၇။ တံတောင်ဆစ် မည်းခြင်းအတွက်

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေဟာ မှောင်မှောင် မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ ဖြစ်နေ တတ်ပါတယ်။ အရောင်အဝါ လင်းလက် ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင် ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူး ဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့ စိမ်ချိုးပေးပါ။

၈။ လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကို စိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ် ဆိုရင်လည်း ပိုပြီး တောက်ပြောင် လာပါ လိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက် ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်း ပါတယ်။

၉။ ခြေထောက်

သံပုရာရည် တစ်ခွက်စာ (ကော်ဖီခွက် တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင် ပါတယ်၊ အနည်း၊ အများ အရေး မကြီးပါ)တို့ ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူး ဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြု နိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ် ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက် လုပ်ကြည့် လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာ ချောမွေ့ လာပါ လိမ့်မယ်။

၁၀။ နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး

ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီလို ဥတုမျိုးမှာ ချွေးထွက် သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူ သက်သာအောင် လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည် တစ်ဇွန်းနဲ့ ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှုကို ကောင်းမွန် စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက်သာ စေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင် ပေးပါတယ်။

#Credit

#ထမင်းချက်နည်းလျှို့ဝှက်ချက်၉ချက်





#ထမင်းချက်နည်းလျှို့ဝှက်ချက်၉ချက်


၁. ရှာလကာရည်
ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၂. ဘီယာ
ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။ ဒါဆိုရင် ပေါ်ဆန်းမွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်။

၃. မြေပဲဆီ
ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။

၎. ဆား
လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့အခါမှာ ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့် အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့ တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။

၅. အရက်ဖြူ (သို့မဟုတ်) ဆန်အရက်
ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။ အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံးဝ ကျက်စေပါတယ်။ ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။

၇. ကြက်သွန်မြိတ်
ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင်ကို ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။

၈. လက်ဖက်
ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။ လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။

၉. သံလွင်ဆီ
ထမင်းချက်တဲ့အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဒ်မဖြစ်စေနိုင်ပါဘူး။ ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။

ကုန်သေတ္တာသင်္ဘောလုပ်ငန်း ယခုနှစ်အတွင်း အခြေအနေ ပြန်ကောင်းဖို့ မျှော်လင့်ချက်မရှိ



ကုန်သေတ္တာသင်္ဘောလုပ်ငန်း ယခုနှစ်အတွင်း အခြေအနေ ပြန်ကောင်းဖို့ မျှော်လင့်ချက်မရှိ 🤔

'𝗡𝗼 𝗵𝗼𝗽𝗲' 𝗼𝗳 𝗯𝗼𝘂𝗻𝗰𝗲-𝗯𝗮𝗰𝗸 𝗶𝗻 𝗱𝗲𝗺𝗮𝗻𝗱 𝗳𝗼𝗿 𝗰𝗼𝗻𝘁𝗮𝗶𝗻𝗲𝗿 𝘀𝗵𝗶𝗽𝗽𝗶𝗻𝗴 𝘁𝗵𝗶𝘀 𝘆𝗲𝗮𝗿🙄🛳
ထိပ်တန်း ကုန်သေတ္တာ သင်္ဘောလိုင်းများ အနာဂတ် မြန်မြန် ပြန်အဆင်ရေး ကောင်းတဲ့ဘက်က အမြင်နဲ့ ပြောနေကြသလို BIMCO၊ WTO နဲ့ SeaIntelligence မှ ခန့်မှန်းချက်များကို ဖေါ်ပြထားပါတယ်။
သင်္ဘောလုပ်ငန်းအုပ်စုကြီး 𝗕𝗜𝗠𝗖𝗢 ရဲ့ အကြီးအကဲ တစ်ယောက်ကတော့ “ကုန်သေတ္တာ သင်္ဘောလုပ်ငန်းအနေဖြင့် အချိန်အနည်းငယ်အတွင်း ပြန်ကောင်းလာစရာမရှိ” ဟုပြောကြားခဲ့ပါတယ်။ 𝗦𝗲𝗮𝗜𝗻𝘁𝗲𝗹𝗹𝗶𝗴𝗲𝗻𝗰𝗲 မှ ဤခန့်မှန်းချက်ကို ထောက်ခံခဲ့ပြီး ၂၀၂၁ မှ ပြန်ကောင်းခြေရှိတယ်လို့ ဆိုပါတယ်။
ထို့အပြင် ပြေးဆွဲခြင်း မရှိဘဲရပ်ထားသော ကုန်သေတ္တာသင်္ဘောများပေါ်က ကုန်သေတ္တာပေါင်း TEUs ၂.၆၅ သန်းကို မူတည်ပြီး၊ သင်္ဘောတွေကို မပြေးဆွဲခြင်းက ကုန်ကျစရိတ်သက်သာသလိုရှိသော်လည်း၊ ရပ်ထားခြင်း ကပင် ကုန်ကျစရိတ်များ တက်နေကြောင်း 𝗦𝗲𝗮𝗜𝗻𝘁𝗲𝗹𝗹𝗶𝗴𝗲𝗻𝗰𝗲 မှ ပြောခဲ့ပါတယ်။
ဖေဖေါ်ဝါရီလမှာ တရုတ်ပြည်ဘက်က တားမြစ်ပိတ်ဆို့မှုများက စလိုက်ရာမှာ၊ တစ်ကမ္ဘာလုံး အကုန်ပြန့်ပြီး၊ တရုတ်ဖက်က့ကုန်ပြန်ပို့ဖို့ ကြိုးစားသော်လည်း၊ တစ်ခြားကုန်သွယ်ဖက်နိုင်ငံများဖက်က ကုန်လက်ခံဖို့ အသင့် မရှိသေးဘဲ၊ အဝယ်မရှိဖြစ်နေပါတယ်။
𝗛𝗮𝗽𝗮𝗴 𝗟𝗹𝗼𝘆𝗱 က အမှုဆောင်အရာရှိက သင်္ဘောများကို မပြေးဆွဲဘဲ ရပ်ထားလျင်လည်း၊ ပြေးဆွဲချိန်က ကုန်ကျစရိတ်၏ ၄၀% ရှိနေပြီး၊ အရှုံးပြလျက်ရှိနေကြောင်း ပြောခဲ့ပါတယ်။
𝗠𝗮𝗲𝗿𝘀𝗸 သင်္ဘောလုပ်ငန်းကြီးကတော့ ကလည်း တစ်နှစ်စာ လမ်းညွှန်ချက်ကို မထုတ်သေးဘဲထားပါတယ်။
𝗢𝗻𝗲 သင်္ဘောလုပ်ငန်ကြီးကတော့ ဧပြီလကနေ ဇွန်လ အထိ က၊ အဆိုးဆုံး အနေအထားဖြစ်မယ်လို့ ပြောပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် ကလည်း ကုန်သေတ္တာသင်္ဘောလိုအပ်ချက် ၁၀% ၂၀၂၀မှာ ကျသွားနိုင်တယ်လို့ အကောင်းဘက်က ခန့်မှန်းပေးထားပါတယ်။
ယခုကြုံနေရသော ဗိုင်းရပ်စ ပြသနာသည် ပြီးသွားမည်မဟုတ်ဘဲ၊ အမြဲဆက်ရှိနိုင်ပြီး လုပ်ငန်းများကို ဗိုင်းရပ်စ ကြောင့် ဖြစ်သော အခက်အခဲများကြား ရှင်သန်အောင်ကြိုးစားရန်သာလိုကြောင်း ပညာရှင်များက ပြောနေကြပါတယ်။

'𝗡𝗼 𝗵𝗼𝗽𝗲' 𝗼𝗳 𝗯𝗼𝘂𝗻𝗰𝗲-𝗯𝗮𝗰𝗸 𝗶𝗻 𝗱𝗲𝗺𝗮𝗻𝗱 𝗳𝗼𝗿 𝗰𝗼𝗻𝘁𝗮𝗶𝗻𝗲𝗿 𝘀𝗵𝗶𝗽𝗽𝗶𝗻𝗴 𝘁𝗵𝗶𝘀 𝘆𝗲𝗮𝗿
𝗛𝗮𝗽𝗮𝗴 𝗟𝗹𝗼𝘆𝗱 က အမှုဆောင်အရာရှိက သင်္ဘောများကို မပြေးဆွဲဘဲ ရပ်ထားလျင်လည်း၊ ပြေးဆွဲချိန်က ကုန်ကျစရိတ် ၄၀% ရှိနေပြီး၊ အရှုံးပြလျက်ရှိနေကြောင်း ပြောခဲ့ပါတယ်။

𝗔𝗺𝗮𝘇𝗼𝗻 လေကြောင်း လုပ်ငန်း အနေဖြင့် ကုန်တင် လေယာဉ် အစီး ၂၀၀ ကျော်လိုအပ်…🛒✈📦✈







𝗔𝗺𝗮𝘇𝗼𝗻 လေကြောင်း လုပ်ငန်း အနေဖြင့် ကုန်တင် လေယာဉ် အစီး ၂၀၀ ကျော်လိုအပ်…🛒📦

𝗔𝗺𝗮𝘇𝗼𝗻 𝗔𝗶𝗿 𝘄𝗼𝘂𝗹𝗱 𝗻𝗲𝗲𝗱 𝗮 𝗳𝗹𝗲𝗲𝘁 𝗼𝗳 𝟮𝟬𝟬 𝗳𝗿𝗲𝗶𝗴𝗵𝘁𝗲𝗿𝘀 𝗳𝗼𝗿 𝗮 𝘁𝗿𝘂𝗹𝘆 𝗴𝗹𝗼𝗯𝗮𝗹 𝗽𝗿𝗲𝘀𝗲𝗻𝗰𝗲
ကုန်တင်လေယာဉ်လုပ်ငန်း 𝗔𝗺𝗮𝘇𝗼𝗻 Air အနေဖြင့် နောင် ၇နှစ်မှ ၈နှစ် အတွင်း လေယာဉ်အစီးရေ ၂၀၀ ကျော်သော လုပ်ငန်းကြီးဖြစ်လာမည်ဟု ချီကာဂို ဒီပေါ တက္ကသိုလ် Chaddick Institute မှပြောကြားခဲ့ပါတယ်။ မော်ဂန် စတန်လီ အုပ်စု မှ ခန့်မှန်းတာထက် ၂ ဆခန့်ပိုပါတယ်။
e-commerce အပြင် လုပ်ငန်းမျိုးစုံလုပ်ကိုင်သော 𝗔𝗺𝗮𝘇𝗼𝗻 ၏ “နောက်တရက် နှင့်ဒုတိယ နေ့” Customer လက်ထဲ အရောက်ပို့သော စနစ်မှ နေ့ချင်းပြီး အရောက်ပို့သော စနစ်ကြောင့်၊ ကုန်သယ်ယူပို့ဆောင်နိုင်စွမ်း ပိုလိုအပ်လာမည်ဖြစ်ပါတယ်။
လေယာဉ် ၄၆၃ စီးရှိသော FedEx နှင့် လေယာဉ် ၂၇၅ စီးရှိသော UPS တို့နှင့် ယှဉ်လျင် သေးငယ်သော်လည်း၊ 𝗔𝗺𝗮𝘇𝗼𝗻 မှ ယမန်နှစ်က အမေရိက တစ်ခုတည်းအတွက် ကုန်ပစ္စည်း အထုပ်မျိုးစုံး ၂.၃ ဘီလျံပို့ပေးခဲ့ရပြီး၊ FedEx က အထုပ်ပေါင်း ၃.၁ ဘီလျံ၊ UPS က ၄.၇ ဘီလျံ နှင့် ယူအက်စ စာတိုက်လုပ်ငန်းက ၆.၂ ဘီလျံကို အသီးသီးပို့ပေးခဲ့ပါတယ်။
Cincinnati အရပ်မှာလဲ ကုန်ပစ္စည်း တစ်ဆင့် ဖြန့်ဖြူးရာ 𝗔𝗺𝗮𝘇𝗼𝗻 Hub ကြီးတစ်ခု တည်ဆောက်နေပြီး၊ ယင်း Hub ပြီးလျင် လေယာဉ်အစီး ၁၀၀ကျော် ရပ်နား၍ ကုန်အတင်အချ ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။ ထို Hub ပြီးလျင် ယခင် နေ့ဘက်သာ လေယာဉ်ဖြင့် ကုန်ပို့ရာမှ ညဖက်ပါ ကုန်များပို့သည့်ပုံစံပြောင်းလာဖွယ်ရှိပါတယ်။

𝗔𝗺𝗮𝘇𝗼𝗻 𝗔𝗶𝗿 𝘄𝗼𝘂𝗹𝗱 𝗻𝗲𝗲𝗱 𝗮 𝗳𝗹𝗲𝗲𝘁 𝗼𝗳 𝟮𝟬𝟬 𝗳𝗿𝗲𝗶𝗴𝗵𝘁𝗲𝗿𝘀 𝗳𝗼𝗿 𝗮 𝘁𝗿𝘂𝗹𝘆 𝗴𝗹𝗼𝗯𝗮𝗹 𝗽𝗿𝗲𝘀𝗲𝗻𝗰𝗲

Wednesday, May 27, 2020

အခက်ကြုံနေတဲ့ 𝗣𝗜𝗟 ကုန်သေတ္တာ သင်္ဘော လုပ်ငန်း ကို Temasek ကူမည်။... 💸💱💰⛴🚢





အခက်ကြုံနေတဲ့ 𝗣𝗜𝗟 ကုန်သေတ္တာ သင်္ဘော လုပ်ငန်း ကို Temasek ကူမည်။... 💸💱💰🚢
𝗧𝗲𝗺𝗮𝘀𝗲𝗸 𝗨𝗻𝗶𝘁 𝗰𝗼𝗺𝗲𝘀 𝗶𝗻 𝘁𝗼 𝘀𝗮𝘃𝗲 𝗧𝗿𝗼𝘂𝗯𝗹𝗲𝗱 𝗣𝗜𝗟
ကမ္ဘာ့ အဆင့် ၈ ရှိတဲ့ စင်္ကာပူ Temasek Holdings ၏ Heliconia Capital Management က၊ ငွေကြေး အခက်အခဲ ဖြစ်နေတဲ့ 𝗣𝗜𝗟 ကုန်သေတ္တာ သင်္ဘော လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှု လုပ်မယ် လို့ဆိုပါတယ်။
𝗣𝗜𝗟 ၏ အကြွေးများကို ယနေ့မှ စ၍ ၆လ အတွင်း ကြေလည်စေရန် ဖြေရှင်းပေးမည်ဖြစ်ပြီး၊ အကြွေးရှင် ၁၅ ဦး၏ ပေးချေရန် ရှိသည်များကို ဒီဇင်ဘာ ၃၁ နောက်ဆုံးထား ရှင်းပေးမည်လို့လည်း၊ စင်္ကာပူ Exchange မှာ သတင်း ထုတ်ပြန်ပါတယ်။
ထိုပေးချေရမည့် အထဲတွင် မေ ၁၁ မှ စ၍ ရုံးဖွင့်ရက် ၁၀ ရက် အတွင်း US$ ၁၂ သန်းကျော် ကို ပေးချေပေးရန်လည်းပါဝင်ပါတယ်။
ထို့အပြင် ငွေလက်မှတ် (Fixed Rate Bond) US$ သန်း ၆၀ အတွက်လည်းရှင်းပေးရန်၊ Singamas ကုန်သေတ္တာ ထုတ်လုပ်ရေး စက်ရုံအတွက် US$ ၁၄၇ သန်း ရှင်းပေးရန် လည်း ရှိပါတယ်။
Temasek အုပ်စု အနေဖြင့် ၂၀၁၈ က တစ်ခါ၊ စင်္ကာပူ ပါလီမန် အမတ်ဟောင်း 𝗣𝗜𝗟 သင်္ဘောလုပ်ငန်း ပိုင်းရှင် SS Teo ကို ကူညီပေးခဲ့ပါတယ်။
ယခု Heliconia ရဲ့ ဥက္ကဌကတော့ ယခင် နိုင်ငံပိုင် သင်္ဘောလုပ်ငန်း Neptune Orient Line မှာ လုပ်ခဲ့တဲ့ လင်ဟောင်တက် ဖြစ်ပါတယ်။
အောက်ပါ ref: link ကို မှီငြမ်း၍ ပြန်လည်တင်ပြပါတယ်။
https://splash247.com/temasek-unit-comes-in-to-save-pil/

Monday, May 25, 2020

#ကမ္ဘာ့ဗိသုကာပြပွဲတွင်ဆုရရှိခဲ့သော အဆောက်အအုံ








ဆေးတက္ကသိုလ်၀န်းထဲက ဖော်ပြပါအဆောက်အအုံဟာ ပြင်သစ်
နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဗိသုကာပြပွဲမှာ ဒုတိယဆုရခဲ့ဖူး
တယ်လို့ မှတ်တမ်းတချို့အရသိရပါတယ်။ ခုနှစ်ကတော့ ၁၉၅၇၊
၅၈ ပတ်၀န်းကျင်ဖြစ်မယ်ထင်ပါတယ်။
ဒီအဆောက်အအုံကို ၁၉၅၄၊ မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန်တ
က္ကသိုလ်အဓိပတိ၊ဝန်ကြီးချုပ်ဦးနုက အုတ်မြစ်ချပြီး ၁၉၅၆၊ နို၀င်
ဘာလ ၂၂ ရက်နေ့မှာ တည်ဆောက်ပြီးစီး ဖွင့်လှစ်ပါတယ်။ ဖွင့်
လှစ်ပေးသူက ၀န်ကြီးချုပ်ဦးဗဆွေပါ။
ဒီအဆောက်အအုံကို ရိုက်ဂလင်စကွဲယားကုမ္ပဏီက ပုံစံထုတ်ပြီး
တေလာ၀ဒ်ရိုး ဆောက်လုပ်ရေးကုမ္ပဏီက ယူနိုက်တက် မြန်မာ
အင်ဂျင်နီယာများနဲ့တွဲဖက်တည်ဆောက်ခဲ့တယ်လို့ မှတ်တမ်းတွေ
ကဆိုပါတယ်။
စဆောက်တုန်းကတော့ အင်ဂျင်နီယာမဟာဌာနအတွက်ဆောက်
ခဲ့တာဖြစ်ပြီး နောက်ပိုင်းတော့ ဆေးတက္ကသိုလ်(၁)ရန်ကုန်ကို ဒီ
မှာပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်များ အုပ်ချုပ်ရေးဌာနရုံးကို
လည်း ဒီမှာပဲ ဖွင့်လှစ်ခဲ့ပါတယ်။
#crd
ချမ်းမြေ့ပိုင်

Saturday, May 23, 2020

အောင်ပင်လယ်ကန်ရဲ့ မူလအမည်မှာ ‘ကန်တိလိကန်’ ဖြစ်တယ်။





အောင်ပင်လယ်ကန်ရဲ့ မူလအမည်မှာ ‘ကန်တိလိကန်’ ဖြစ်တယ်။ 


သက္ကရာဇ် ၅၁၃ခုနှစ်မှာ မင်းရှင်စောက ဆည်တော်မူခဲ့တယ်။ တနင်္ဂနွေသား မင်းရှင်စောက တနင်္ဂနွေနေ့မှာပင် ကန်တော် ဆည်ယူဖို့ဆောင်ပြီးစီ်းလို့ “အောင်ပင်လယ်ကန်”လို့ အမည်သမုတ်ခဲ့တာပါ။ အောင်ပင်လယ်ကန်က အလျားတာ ၃၀၀၀၊ မိုင်အားဖြင့် ၇မိုင်ခွဲနီးပါး ရှည်ပြီး အနံ ၃မိုင်ခွဲနီးပါး ကျယ်ဝန်းပြီး လယ်ပယ်သုံးသောင်း ကို သုံးသီးစား စိုက်ပျိုးနိုင်တယ်လို့ ဆိုပါတယ်။

မင်းရှင်စော ဆည်တော်မူခဲ့တဲ့ အောင်ပင်လယ်ကန်ကို ဘိုးတော်ဘုရား(ဗဒုံမင်း)က သက္ကရာဇ် ၁၁၅၁ခု၊ နယုန်လပြည့်၊ တနင်္လာနေ့မှာ နောက်ပါ ဗိုလ်ခြေထုနှင့် မဟာမုနိဘုရားအနီး ယာယီတဲနန်းမှာ စံမြန်းတော်မူပြီး ထပ်မံ ဆည်ဖို့ ပြုပြင်တော်မူ ပြန်ပါတယ်။ မင်း၊ မိဖုရား၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်၊ ကတော်စိုးတို့နှင့်တကွ အမရပူရ ရွှေမြို့တော်မှ တစ်အိမ်တစ်ယောက်မက ပြည်သူများနှင့်လည်း လယ်ထွန်မင်္ဂလာဆင်းပြီး ကန်တော်နှင့် ပတ်သက်သမျှ ကျောက်စာရေးထိုး စိုက်ထူတော်မူခဲ့ပါတယ်။
မန်္တလေး ရတနာပုံနေပြည်တော်ကို မင်းတုန်းမင်းတည်တော်မူဖို့ နေရာရွေးချယ်ရာမှာ အောင်ပင်လယ်ကန်ကြီးရဲ့ တင့်တယ်သာယာကျယ် ပြောမူကလည်း အဓိကအချက်မှာ ပါဝင်ခဲ့ပါတယ်။ အောင်ပင်လယ် ကန်ကို ရှေးမင်းအဆက်ဆက် ရေနေပိုးမွှားအစ ကျေးငှက် သာရကာအလယ်၊ သမင်ဒရယ် သားကောင်ငယ် အဆုံး ဘေးမဲ့ပေး ပျော်ရွှင်မြူးကြစေခြင်းနဲ့အတူ ကြာပေါင်းစုံံ ဖူးပွင့်ကြလေကုန်သော သဘာ၀ ဝန်းကျင်အလှနဲ့ နာမည်ကျော်ခဲ့တယ်။
၁၉၀၀ ခုနှစ်ကျော် စွန်းစွန်းမျှကာလ အင်္ဂလိပ်လက်ထက်မှာပဲ အောင်ပင်လယ်ကို ရေတွေဖောက်ထုတ်ပြီး လယ်ကွင်းကြီးအဖြစ် ဖော်ထုတ်အသွင်ပြောင်းခံရ တာလည်း သမိုင်းမှတ်တမ်းတစ်ခုပါပဲ..။ ဒါကြောင့် အဲဒီခေတ် တေးရေးကျော် နန်းတော်ရှေ့ ဆရာတင်က “အောင်ပင်လယ်...အောင်ပင်လယ်...အောင်ပင်လယ်..၊ တကယ်တော့ အစစ်ကဲ့သို့ အခုတော့ လယ်ကောဖြစ် လို့..၊ ကောင်းဖို့ရွယ်သောခေတ်ကို အခုပင်မျှော်မိတယ်”လို့.. သူ့သီချင်းထဲမှာ မငြီးဝံ့ဝံ့ ငြီးဝံ့ဝံ့နဲ့ ချီးမွမ်း ခြေကျောက်ခဲ့ ပါတယ်။
အခုတော့ အောင်ပင်လယ် တကြောဟာ လယ်ကွင်း လက်ကျန်ပင် မရှိသလောက် နည်းပါးပြီး ဝင်းခြံ အဆောက်အဦးတွေဖြစ်နေပါပြီ။
ဆူးငှက်

အကောင်းမြင်စိတ်ဖြင့် ကိုဗစ်မုန်တိုင်းကို ကျော်လွှားခြင်း (သို့) မြန်မာတိုင်ကွန်းတစ်ဦးက ပေးတဲ့ ကိုဗစ်စီးပွားရေးသင်ခန်းစာ






အကောင်းမြင်စိတ်ဖြင့် ကိုဗစ်မုန်တိုင်းကို ကျော်လွှားခြင်း

(သို့)မြန်မာတိုင်ကွန်းတစ်ဦးက ပေးတဲ့ ကိုဗစ်စီးပွားရေးသင်ခန်းစာ

----------------------------------------------------------------------- "ကျွန်တော်တို့ဟာ သင်္ဘောတစ်စင်းပေါ်မှာ ရှိပြီး ဒီအခက်အခဲကို ကျော်လွှားရမယ်လို့ ပြောပါတယ်။ သို့သော် ကျွန်တော်တို့ အကုန်လုံးက သင်္ဘောတစ်စင်းအပေါ်မှာပဲလို့ ပြောဆိုပုံက ကျွန်တော့်အနေနဲ့ မမှန်ဘူးလို့ ယူဆပါတယ်။ တကယ်ဆိုရင် ကျွန်တော်တို့ဟာ မတူတဲ့ သင်္ဘောပေါ်မှာ ဒီမုန်တိုင်းကို ရင်ဆိုင်နေကြတာဖြစ်ပါတယ်" ဆိုပြီး မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးသိမ်းေ၀ ( ခေါ်) မစ္စတာ ဆာ့ဂျ်ပန် က ဒီအစီအစဉ်မှာ အစချီကာ ပြောဆိုခဲ့ပါတယ်။ ဦးသိမ်းေ၀ ( ခေါ်) မစ္စတာ ဆာ့ဂျ်ပန်ဟာ မြန်မာပြည်က ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် (Tycoon) တစ်ဦးဖြစ်ပြီး SPA Myanmar Limited, Yoma Group, FMI Public Limited စတဲ့ ကုမ္ပဏီများကို ဦးဆောင်နေသူဖြစ်ပြီး အိမ်ခြံမြေ၊ ဘဏ္ဍာရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ခရီးသွားလုပ်ငန်း၊ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း၊ စိုက်ပျိုးရေး၊ မော်တော်ယာဉ်စတဲ့ ကဏ္ဍများစွာကို ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံနေသူတစ်ဦးဖြစ်ပါတယ်။

Ref : https://www.facebook.com/punserge/

#လူတွေမသိကြသေးတဲ့ဗားကရာချောက်ရဲ့သမိုင်း








#လူတွေမသိကြသေးတဲ့ဗားကရာချောက်ရဲ့သမိုင်း

နှစ်ပေါင်း ၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်သော ဗားကရာ ချောက်
ဗားကရာ ဆိုတဲ့အမည်ဟာ
"ဘာ့က်ရ်” မွန်အမည်က ဆင်းသက်လာတာဖြစ်ပြီး ခရာတော ဆူးခြုံတောပေါက်ရာ ချောက် ဟု အဓိပ္ပါယ် ရပါတယ်။
ကြည့်မြင်တိုင် နဲ့ စမ်းချောင်း မြို့နယ် အစပ် ဗားကရာချောက်ဝန်းကျင်ဟာ ခရာပင်တွေ၊ ဆူးခြုံတွေ၊ ဒီရောက်ပင်တွေ ပေါက်ရောက်ရာ ဒီရေအတက်အကျရှိခဲ့တဲ့ နေရာကြီးပါ။
ကုန်းဘောင်ခေတ် မြန်မာဘုရင်တွေ အုပ်ချုပ်စဉ်ကအထိ တကယ့် စိမ့်ကြီးမြိုင်ကြီးတွေနဲ့။ ခံတပ်မြို့တောင် လုပ်ခဲ့သေးဆိုပဲ။ အဲ့ဒီတုန်းကတော့ အလောင်းမင်းတရား အုပ်ချုပ်နယ်အဖြစ် ရွှေတိဂုံကို မူတည်သတ်မှတ်ရာမှာ “အနောက်တောရကြီး” လို့ သတ်မှတ်ခဲ့တဲ့အရပ်ပေါ့။
အနောက်တောရကြီးဆိုတာ ဗားကရာကို အဓိကထား သတ်မှတ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အခုတော့ အလယ်တောရနဲ့ ကြားတောရလောက်ပဲ အသုံးရှိတော့တယ်။ ကျန်တောရတွေ ပျောက်သွားခဲ့ပါပြီ။
ဗားကရာချောက်ဟာ သဘာဝအလျောက် ဖြစ်ပေါ်လာခဲ့တဲ့ ချောက်တခုပါ။ လူလုပ်တဲ့ချောက်တော့ မဟုတ်ဘူး။ ဒါကလည်း တချိန်တုန်းက သိင်္ဂုတ္တရကုန်းရဲ့ တောင်စွယ်က စမ်းချောင်း မြေနီကုန်းအထိ ရောက်ခဲ့တာကိုး။ မြေနီကုန်းဆိုတာ ဟိုအရင်က တောင်ကမူတခုပဲ။
ရန်ကုန်မြို့သစ်တည်ခဲ့တဲ့အချိန် ရန်ကုန်မြို့တွင်း အင်းတွေ အိုင်တွေ ချောက်တွေ ဖို့ဖို့ မြေနီကုန်းကမြေတွေ သယ်ထုတ်ရာက ကမူတွေ ကုန်းတွေပျောက်ပြီး အခုအခြေနေမျိုးအထိ ဖြစ်လာခဲ့တာ။
မြေနီကုန်းကမြေတွေကို သယ်ဖို့ အရင်ဆုံး ဟုမ်းလမ်း အထိ မီးရထားလမ်းကို အရင်ဖောက်ရတယ်လို့ ဆိုကြတယ်။ မြေနီကုန်းအရပ်ကနေ လှည်းတွေနဲ့ မြေနီတွေသယ်ပြီး ရထားရှိရာ ဟုမ်းလမ်းကို ပို့ရတယ်။ ဟုမ်းလမ်းကတဆင့် ရထားတွဲတွေနဲ့ သယ်ယူတယ်လို့ ဆိုပါတယ်။
“ဟုမ်းလမ်း” ဆိုတာ အဲဒီ ရထားလမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာ Hume ရဲ့အမည်ပါ။ နောက်အင်ဂျင်နီယာက Innis ဖြစ်တယ်။ ဒါကြောင့် ရထားလမ်းရဲ့ အနောက်ဘက်ပိုင်းကို အင်းနစ်လမ်းလို့ခေါ်ပြီး အရှေ့ဘက်လမ်းပိုင်းကို ဟုမ်းလမ်းလို့ ခေါ်ခဲ့ကြတာ။
အခုတော့ အဲဒီလမ်းနှစ်ခုကိုပေါင်းပြီး ပန်းလှိုင်လမ်းရယ်လို့ ဖြစ်သွားရော။ သူတို့နှစ်ယောက်လုံးက ရထားလမ်းတည်ဆောက်ခွင့် ကန်ထရိုက်ရတဲ့ The Irrawady Velley State Railway Co. ရဲ့ ဦးဆောင်အင်ဂျင်နီယာပေါ့။
ရန်ကုန်ကနေ ပြည်မြို့အထိ ရထားလမ်းတည်ဆောက်ရာမှာ အခက်အခဲဆုံးကတော့ နာမည်ကျော်“ဗားကရာချောက်” ကြီးပဲလို့ ဆိုသတဲ့။
သူတို့ပြောမယ်ဆိုလည်း ပြောချင်စရာ။ ဘာလို့လဲဆိုတော့ ဗားကရာချောက်ရဲ့ အနက်က လှိုင်မြစ်ရေ မျက်နှာပြင်ထက် အနိမ့်ပိုင်းမှာ ရှိနေတာ။
ဒါ့အပြင် လှိုင်မြစ်ရဲ့ ဒီရေ အတက်အကျကလည်း သေသေချာချာ လေ့လာရသေးတယ်။ ပြီးတော့ မြစ်ရေအတက်အကျ။ နွေမိုးဆောင်း မြစ်ရေမျက်နှာပြင် အခြေအနေတွေကိုပါ ကြည့်ရ၊ တွက်ချက်ရတာ မဟုတ်လား။ ဗားကရာပတ်ဝန်းကျင်ရဲ့ မြေအမျိုးအစား မြေမျက်နှာသွင်ပြင်ပါမကျန် လေ့လာပြီးမှ ဒီချောက်ကို ဘယ်လိုတီထွင် ဖန်တီးမလဲဆိုတဲ့ အဆင့်ကို ရောက်တာ။
မြေထိန်းနံရံတည်တဲ့ အပိုင်းကလည်း အရေးကြီးတဲ့ အစိတ်ပိုင်းတခု ဖြစ်လာပြန်တယ်။ ဒါတွေစုံပြီဆိုတော့မှ Drainage System Design ကို စဉ်းစားရပြီ။
ရထားလမ်းတည်တာက သိပ်မခက်ခဲ။ ချောက်ကို တံတားထိုးလိုက်ရင် ရပြီ။ ရန်ကုန်မှာ မီးရထားသံလမ်း တံတားအောက်က သွားတဲ့တံတား နှစ်စင်းပဲရှိတယ်။ သန်လျင်နဲ့ သာကေတ တံတား။ နောက်တံတားက အခု ဗားကရာပဲ။ ရထားလမ်းအောက်က ကားလမ်းဖောက်ထားတာ။
ဗားကရာချောက်ကနေ ရေဆင်းပေါက်၊ ရေထုတ်ပေါက်။ လှိုင်မြစ်ထဲ ဘယ်လိုပို့မလဲ။ ရေမဝပ်အောင် ဘာတွေ စီမံပေးဖို့လိုမလဲ ဆိုတာတွေဟာ လမ်းတံတားအင်ဂျင်နီယာရဲ့ ကျွမ်းကျင်မှုနဲ့ ဦးနှောက်အသုံးချနိုင်စွမ်းပေါ် မူတည်နေပါတယ်။ သူတို့ ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ။
အရင်ဆုံး ခရာဆူးခြုံတွေ ရှင်းလင်းရမယ်။ ပြီးတာနဲ့ မြေမျက်နှာပြင် အနေအထားအရ ရေဆင်းကို ဘယ်နှစ်လက်မအဆိုင်းထိ ထားမလဲ။ ချောက်ကနေ လှိုင်မြစ်ဝအထိ ရေဆင်းလိုင်း ပေဘယ်လောက်ရှိလဲ။
ရေဆင်းကိုတော့ ကားလမ်းအောက်မှာ လိုဏ်ခေါင်းတူးထားတာ တွေ့နိုင်တယ်။ လိုဏ်အရှည်ဟာ ချောက်ကနေ မြစ်ဝအထိ ၁၂ဝဝ ပေ အရှည်ရှိတယ်။ လိုဏ်ကိုတော့ အုတ်တွေနဲ့ ပိုက်လုံးပုံသဏ္ဌာန် စီထားတယ်။ လိုဏ်ရဲ့ အဝအကျယ်ဟာ အချင်းဝက် ၅ ပေရှိတယ်။
တူးထား စီထားတဲ့ လိုဏ်ခေါင်းဟာ မြစ်ဝရောက်တဲ့အချိန်မှာ အဖွင့်အပိတ် လုပ်လို့ရတဲ့ ရေထိန်းသံတံခါးကြီးတချပ် ရှိပါတယ်။ လှိုင်မြစ်ရေတက်တဲ့ မိုးရာသီလို အချိန်မျိုးမှာ ရေထိန်းတံခါးကို ပိတ်ထားရင် လိုဏ်ထဲ ရေမဝင်နိုင်အောင် စီမံထားတာပါ။
ဒါတွေပြီးတော့ မြေထိန်းနံရံတွေ တည်ဆောက်တဲ့အပိုင်း ရောက်တာ။ ဗားကရာမီးပွိုင့်ရဲ့ ထောင့်လေးခုမှာ ရေဆင်းပေါက်တခုစီ ရှိတယ်။ လမ်းဘေးမြောင်းရဲ့အနက်က တပေနီးပါးလောက်ပဲ ရှိတယ်။ မီးပွိုင့်အလယ်ခေါင်မှာ လိုဏ်ထဲဆင်းတဲ့ လူဆင်းပေါက်တခု ရှိတယ်။ နောက်တပေါက်ကတော့ ဘောဂရပ်ကွက်ဘေးမှာ ရှိခဲ့ဖူးတယ်။ သံလှေကားနဲ့ ဆင်းရတာပါ။ အခုတော့ အဲဒီသံလှေကားလည်း ရောင်းစားခံရတာပဲလား၊ ဆွေးသွားလေသလာမသိ။ အနိစ္စသဘောနဲ့ ကိစ္စချောသွားပြီ။
မြေအောက်ရေဆင်းလိုဏ်တွေဟာ ဗားကရာမှမဟုတ်ဘူး။ ရန်ကုန်မြို့ တည်ချိန်ကတည်းက မြို့တွင်းပိုင်းရှိ အားလုံးသော ရေဆင်းတွေဟာ လိုဏ်တူးပြီး စီမံတည်ဆောက်ခဲ့တာ။
အဲဒီ အုတ်နံရံရဲ့ မျက်နှာကျက်တွေမှာ ကြေးမီးဆိုင်းကြီးတွေ တပ်ဆင်ပြီး ၂၄ နာရီ မီးပေးထားတယ်လို့ အဆိုရှိတယ်။ နွေနှောင်းရာသီ ရောက်ပြီဆိုရင် မြူနီစပယ်လူကြီးက မြို့တွင်းရှိ အုတ်လိုဏ်ဂူတလျှောက် ဂျစ်ကားစီးပြီး လျောက်ကြည့်ရ၊ ကြီးကြပ်ရတယ်လို့ တဆင့်စကား ကြားခဲ့ဖူးတယ်။
နောက်ပိုင်းတော့ ကြေးမီးဆိုင်းကြီးတွေဟာ ကြေးစျေးကောင်းတော့ လူတွေခိုးရောင်းတာနဲ့ မရှိတော့ဘူး။ လိုဏ်ထဲ ဆင်းပြီး စစ်ဆေးတဲ့သူတွေလည်း မရှိတော့ဖူး ထင်ပါတယ်။
ဒီမှာ အရေးကြီးဆုံးနဲ့ ရေဆင်းလိုဏ်တို့ရဲ့ လျှို့ဝှက်ချက်ကတော့ လိုဏ်တွင်းမှာ ရေစုကန် တည်ဆောက်ပေးခြင်းပါပဲ။
ဗားကရာချောက်အတွက် ရေစုကန်ကတော့ အလျား ၁ဝ ပေ၊ အနံ ၈ ပေနဲ့ အနက် ၆ ပေခန့်ရှိတယ်။ အဲ့ဒီ ရေစုကန်ထဲကို စီးလာသမျှရေတွေ ဝင်မယ်။ ရေစုကန်ကနေ ပိုလျှံတဲ့ရေတွေက ရေဆင်းလိုဏ်အတိုင်း စီးသွားတယ်။ ဒါမှ လမ်းပေါ် ရေဘယ်လောက်ရှိရှိ ပိုလျှံသမျှကို ရေစုကန်က ထိန်းပေးနေမှာပဲ ဖြစ်တယ်။
တကယ်တော့ ရေစုကန်ဟာ ရေဆင်းရေထုတ်အတွက် အရေးပါတဲ့ တည်ဆောက်ချက်တခုပါပဲ။ ဒါကြောင့်လည်း ရန်ကုန်မြို့ လမ်းထောင့်စုံတွေရဲ့ မြေအောက်ရေဆင်းလိုင်းတွေမှာ လူတကိုယ်အနက်ရှိတဲ့ ရေစုကန်တွေကို အင်္ဂလိပ်တွေက တည်ဆောက်ခဲ့တာပါ။
လေ့လာသူတွေရဲ့ တွေ့ရှိချက်အရတော့ ဗားကရာ ချောက် ရေနုတ်မြောင်း စနစ်ကို ၁၈၆၉ လောက်က တည်ဆောက်ခံတာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။
ဗားကရာချောက်ကို မွမ်းမံတည်ဆောက်ချိန်က ကိုးထပ်ကြီးဘုရားလို့ခေါ်တဲ့ အတုလာဓိပတိ မဟာမုနိသကျဘုရားကြီးတောင် မတည်ရသေးပါဘူး။ ကိုးထပ်ကြီးဘုရားက ၁၉ဝ၅ ခုနှစ်မှ တည်တာ။ နောက်တခုက ရန်ကုန်မြို့ပတ်ရထား မရှိသေးဘူး။
ရန်ကုန်မြို့ပတ်ရထားက ၁၈၇၇ ခုနှစ်လောက်မှ စတာကိုး။ ဒါပေမယ့် ဗားကရာရထားလမ်းက နှစ်ခုဖြစ်နေသလို ရထားအတွက် တံတားကလည်း နှစ်ခုတည်ထားတာ။ ကြည့်မြင်တိုင်-ရန်ကုန် ဓာတ်ရထားလိုင်း ပြေးဆွဲနေပြီ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရထားပြေးဆွဲတာက ၁၈၆၉ ရန်ကုန်-ပြည် မီးရထားလမ်း ဆွဲနေပြီး ဒါကြောင့် ဗားကရာတည်ဆောက်ချိန်ဟာ ဒါထက်စောမယ်လို့ ယူဆနိုင်ပါတယ်။
ဗားကရာချောက်ရဲ့ မိုးဘယ်လောက်ရွာရွာ မိုးရွာပြီးတာနဲ့ ရေတင်ကျန်မနေခဲ့ခြင်း အကြောင်းကိုတော့ အချိန်အတော်ကြာ
လူပြောသူပြော များနေကြတာ ယနေ့တိုင်ပါပဲ။
အင်္ဂလိပ်တွေ တည်ဆောက်သွားခဲ့တဲ့
ဗားကရာ ချောက် အောက်က ရေစုကန်၊ လှိုင်မြစ်ထဲ စီးဆင်းတဲ့ လခြမ်းပုံ အုတ်စီမြောင်း၊ ရေအဝင် အထွက် ထိန်းတဲ့ လှိုင်မြစ်ဝက ရေတံခါးပေါက် တို့ကို ဆက်လက်ထိန်းသိမ်း ပြုပြင် ဖို့ကတော့ လိုအပ်နေတုံးပါပဲ။
နှစ်၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ ဒီ ဗားကရာချောက် က ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်း အမွေအနှစ်တခုလို့ မြင်မိပါတယ်။
(FB တွင် ဖတ်ရှုရသော တန်ဖိုးကြီးသည့် အကြောင်းအရာများကို ပြန်လည်စုစည်းထားပါသည်)
Credit to original uploader

Friday, May 22, 2020

COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန် မပျက်စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်









COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန် မပျက်စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်


နေပြည်တော်၊ မေ ၂၂
Coronavirus Disease COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဉီးသောင်းထွန်းနှင့် အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်မှ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်မှ လည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာနေရာ ဒေသများမှလည်းကောင်း အသီးသီး ပါဝင်ဆွေးနွေးကြပါသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၂)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ နှင့် ဝန်ဆောင်ကဏ္ဍတို့မှ လုပ်ငန်း အသစ် (၉)ခု ကို ခွင့်ပြုခဲ့ ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၈၄.၂) သန်းနှင့် ကျပ် (၉၆,၀၃၄.၄၅၁) သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၄,၁၈၀) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
၂၀၂၀ ခုနှစ် ဧပြီလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း (၅၁)နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၇၄%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၂၆.၀၇%) ဖြင့် လည်း ကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၁၆%) ဖြင့် လည်းကောင်း ရင်းနှီး မြှုပ်နှံထားပါသည်။

Thursday, May 21, 2020

COVID- 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ






ယခင်ချေးငွေများထုတ်ချေးရာတွင် ရန်ကုန်မှလုပ်ငန်းရှင်အများဆုံးပါဝင်ခဲ့သောကြောင့် ယခု စတုတ္ထအသုတ်ချေးငွေတွင် ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လုပ်ငန်းရှင်များကို ပိုမိုဦးစားပေးမည်

COVID- 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ


နေပြည်တော် မေလ ၂၀ ရက်
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၅/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပပါသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဉီးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ၊ ဦးကျော်ကျော်မောင်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်ငန်းကော်မတီ၏လုပ်ငန်း အဖွဲ့ခေါင်းဆောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် စတင်ဖွဲ့စည်းချိန်မှစ၍ အစည်းအဝေး ၄ ကြိမ်ကျင်းပခဲ့ပါကြောင်း၊ ဆုံးဖြတ်ချက် (၄၃) ခု ချမှတ်ခဲ့ နိုင်ခဲ့ပြီး လုပ်ငန်းဆောင်တာများကို မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် COVID-19 ကြောင့် ထိခိုက်နိုင်သည့် စီးပွားရေးလုပ်ငန်းများအတွက် COVID-19 Fund မှ ချေးငွေများစိစစ်ထုတ်ပေးခဲ့ရာ သုံးကြိမ်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယခင် သုံးကြိမ်တွင် ရန်ကုန်မြို့အခြေစိုက်ဖြစ်သည့် စီးပွားရေးလုပ်ငန်းများမှာ အများစုဖြစ်သော်လည်း ယခုစတုတ္တအကြိမ်တွင် တိုင်းဒေသကြီး/ ပြည်နယ်အခြေစိုက်ဖြစ်သော စီးပွားရေးလုပ်ငန်းများ ဉီးစားပေး ဆောင်ရွက်ထားပါကြောင်း၊ ချေးငွေများကို ယခုထက်ပိုမို၍ မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စိစစ်သည့်အဖွဲ့များအား အင်အားဖြည့်တင်း၍ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ တက်ရောက်လာကြသူများမှ နိုင်ငံတော်မှ ထပ်မံခွင့်ပြုမည့် ချေးငွေများ ထုတ်ပေးရာတွင် CERP နှင့်အညီ ပိုမိုထိရောက်သည့် နည်းလမ်းဖြင့် ချေးငွေထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်၏စီးပွားရေး ပြန်လည်ထူထောင်လာရေးအတွက် လက်ရှိဉီးစားပေး ကဏ္ဍများအပြင် ထပ်မံဆောင်ရွက်သင့်သည့် ဉီးစားပေးကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးမှ COVID-19 ကြောင့် ထိခိုက်မှုရှိသောလုပ်ငန်းများအတွက် စတုတ္တအသုတ် အဖြစ် ချေးငွေထပ်မံ ထုတ်ပေးနိုင်ရေး ဆုံးဖြတ်ခဲ့ပါသည်။
Credit : Ministry of Investment and Foreign Economic Relations - MIFER