သင်္ကြန်ကာလအတွင်း ပျံသန်းမှုယာယီရပ်ဆိုင်းခဲ့သော မြန်မာအမျိုးသားလေကြောင်းလိုင်း ပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲ
သင်္ကြန်ကာလနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် မြန်မာအမျိုးသား လေကြောင်းလိုင်း ပျံသန်းမှုကို ယာယီရပ်ဆိုင်းခဲ့ရာ ယခုအခါခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ ပျံသန်းမှုကို မေ(၁)ရက်မှ စတင်ခဲ့ကြောင်း မြန်မာ အမျိုးသားလေကြောင်း ပူတာအိုဌာနခွဲ တာ၀န်ခံ ဦးလှမြင့်ထံမှ သိရသည်။
"လက်ရှိမှာ မေလ (၁,၃,၄,၆,၈) ရက်များတွင် ပြေးဆွဲဖို့လျာထားပေမဲ့ အခုအချိန်မှာ တော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းအရှိန် အဟုန်မြှင့် ဆောင်ရွက်နေချိန်ဖြစ်လို့ အကြောင်း အမျိုးမျိုးဖြစ်ပေါ်လာခဲ့ရင် တော့ အခြေအနေအရပဲ ပျံသန်းပြေးဆွဲသွားမှာဖြစ်ပါတယ်။ လက်မှတ်များကိုတော့ ပုံမှန်အတိုင်း အရောင်းကိုယ် စားလှယ်များနဲ့ အွန်လိုင်းကနေ၀ယ်ယူ အားပေးလို့ရပါတယ်" ဟု ၎င်းကပြောကြားသည်။
အဆိုပါ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားမှ ပူတာအိုမြို့ သို့ ပြန်လည်ရောက်ရှိလာသော ခရီးသွားပြည်သူများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံ အုပ် ဒေါက်တာသန့်ဇင်ထွန်းနှင့် မြို့နယ် အဆင့် လုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်တို့ဦးဆောင်သော အဖွဲ့မှစနစ်တကျ ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇ၀င် မေးမြန်း စာရင်းရေးသွင်းခြင်းနှင့် သက်ဆိုင်ရာ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုဖြင့် သတ်မှတ်နေရာအဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်းများသို့ ညွှန်းပို့ခြင်း တို့ ဆောင်ရွက်ခဲ့ရာ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က လာရောက်အား ပေးကြည့်ရှုခဲ့သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းကို ဧပြီ(၁၃)ရက်မှ (၃၀)ရက်အထိ ပျံသန်းပြေးဆွဲမှုများ ကို ယာယီ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ယခုအခါအပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာရက် များတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ ပျံသန်း ပေးသွားမည့်အပြင် ရွှေမြန်မာလေကြောင်းလိုင်းကို လည်း မေ(၁၆)ရက်မှ စတင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။
ပူတာအိုခရိုင်အတွင်းရှိ ပြည်သူများသည် ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ အတွက် လေကြောင်းလိုင်းနှင့် ကားလမ်းများကိုသာ အဓိကအားကိုးအားထားပြုရသော ခရိုင် ဖြစ်ပြီး လေကြောင်းလိုင်း အနေဖြင့် မြန်မာအမျိုးသား လေကြောင်းလိုင်း နှင့်ရွှေမြန်မာလေကြောင်း လိုင်း နှစ်လိုင်းသာပျံသန်းပြေးဆွဲ လျက်ရှိကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)
ဖုန်ကန်(ပူတာအို)
Source From: Myanmar Alin
No comments:
Post a Comment