အောင်ပင်လယ်ကန်ရဲ့ မူလအမည်မှာ ‘ကန်တိလိကန်’ ဖြစ်တယ်။
သက္ကရာဇ် ၅၁၃ခုနှစ်မှာ မင်းရှင်စောက ဆည်တော်မူခဲ့တယ်။ တနင်္ဂနွေသား မင်းရှင်စောက တနင်္ဂနွေနေ့မှာပင် ကန်တော် ဆည်ယူဖို့ဆောင်ပြီးစီ်းလို့ “အောင်ပင်လယ်ကန်”လို့ အမည်သမုတ်ခဲ့တာပါ။ အောင်ပင်လယ်ကန်က အလျားတာ ၃၀၀၀၊ မိုင်အားဖြင့် ၇မိုင်ခွဲနီးပါး ရှည်ပြီး အနံ ၃မိုင်ခွဲနီးပါး ကျယ်ဝန်းပြီး လယ်ပယ်သုံးသောင်း ကို သုံးသီးစား စိုက်ပျိုးနိုင်တယ်လို့ ဆိုပါတယ်။
မင်းရှင်စော ဆည်တော်မူခဲ့တဲ့ အောင်ပင်လယ်ကန်ကို ဘိုးတော်ဘုရား(ဗဒုံမင်း)က သက္ကရာဇ် ၁၁၅၁ခု၊ နယုန်လပြည့်၊ တနင်္လာနေ့မှာ နောက်ပါ ဗိုလ်ခြေထုနှင့် မဟာမုနိဘုရားအနီး ယာယီတဲနန်းမှာ စံမြန်းတော်မူပြီး ထပ်မံ ဆည်ဖို့ ပြုပြင်တော်မူ ပြန်ပါတယ်။ မင်း၊ မိဖုရား၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်၊ ကတော်စိုးတို့နှင့်တကွ အမရပူရ ရွှေမြို့တော်မှ တစ်အိမ်တစ်ယောက်မက ပြည်သူများနှင့်လည်း လယ်ထွန်မင်္ဂလာဆင်းပြီး ကန်တော်နှင့် ပတ်သက်သမျှ ကျောက်စာရေးထိုး စိုက်ထူတော်မူခဲ့ပါတယ်။
မန်္တလေး ရတနာပုံနေပြည်တော်ကို မင်းတုန်းမင်းတည်တော်မူဖို့ နေရာရွေးချယ်ရာမှာ အောင်ပင်လယ်ကန်ကြီးရဲ့ တင့်တယ်သာယာကျယ် ပြောမူကလည်း အဓိကအချက်မှာ ပါဝင်ခဲ့ပါတယ်။ အောင်ပင်လယ် ကန်ကို ရှေးမင်းအဆက်ဆက် ရေနေပိုးမွှားအစ ကျေးငှက် သာရကာအလယ်၊ သမင်ဒရယ် သားကောင်ငယ် အဆုံး ဘေးမဲ့ပေး ပျော်ရွှင်မြူးကြစေခြင်းနဲ့အတူ ကြာပေါင်းစုံံ ဖူးပွင့်ကြလေကုန်သော သဘာ၀ ဝန်းကျင်အလှနဲ့ နာမည်ကျော်ခဲ့တယ်။
၁၉၀၀ ခုနှစ်ကျော် စွန်းစွန်းမျှကာလ အင်္ဂလိပ်လက်ထက်မှာပဲ အောင်ပင်လယ်ကို ရေတွေဖောက်ထုတ်ပြီး လယ်ကွင်းကြီးအဖြစ် ဖော်ထုတ်အသွင်ပြောင်းခံရ တာလည်း သမိုင်းမှတ်တမ်းတစ်ခုပါပဲ..။ ဒါကြောင့် အဲဒီခေတ် တေးရေးကျော် နန်းတော်ရှေ့ ဆရာတင်က “အောင်ပင်လယ်...အောင်ပင်လယ်...အောင်ပင်လယ်..၊ တကယ်တော့ အစစ်ကဲ့သို့ အခုတော့ လယ်ကောဖြစ် လို့..၊ ကောင်းဖို့ရွယ်သောခေတ်ကို အခုပင်မျှော်မိတယ်”လို့.. သူ့သီချင်းထဲမှာ မငြီးဝံ့ဝံ့ ငြီးဝံ့ဝံ့နဲ့ ချီးမွမ်း ခြေကျောက်ခဲ့ ပါတယ်။
အခုတော့ အောင်ပင်လယ် တကြောဟာ လယ်ကွင်း လက်ကျန်ပင် မရှိသလောက် နည်းပါးပြီး ဝင်းခြံ အဆောက်အဦးတွေဖြစ်နေပါပြီ။
ဆူးငှက်
ဆူးငှက်
No comments:
Post a Comment