☀️ Lockdown လုပ်မှုလျှော့ချလာကြခြင်းနှင့် ရေနံထုတ်လုပ်မှုလျှော့ချခြင်းတို့ကြောင့် ရေနံစျေးပြန်မြင့်တက် ☀️
ယနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ကမ္ဘာ့ရေနံစိမ်းစျေးနုန်း တစ်စည်ကို ဒေါ်လာ 30 ကျော် ပြန်တက်လာခဲ့သည်။ အချို့ နိုင်ငံများမှာ ကူးစက်ကပ်ရောဂါကာလ၌ Lockdown လုပ်ထားမှုများကို ပြန်ဖွင့်ပေးလာကြပြီး စီးပွားရေးလုပ်ငန်းများပြန်ဖွင့်လာကြခြင်းကြောင့် ရေနံဝယ်လိုအားပြန်တက်လာခဲ့သည်။
ရေနံစိမ်းစျေးသည် ပြီးခဲ့တဲ့ ဧပြီလ 22 ရက်နေ့တုန်းက ကျဆင်းခဲ့သည့် 21 နှစ်အတွင်းအနိမ့်ဆုံးစျေးနုန်းကနေ နှစ်ဆနီးပါးပြန်အတက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။ ကမ္ဘာ့ရေနံဝယ်လိုအား ပြန်တက်လာခြင်းအပြင် ရေနံတင်ပို့ထုတ်လုပ်ရောင်းချသောနိုင်ငံများအဖွဲ့ (OPEC) က ရေနံ ထုတ်လုပ်မှုကို စံချိန်တင်လျှော့ချလိုက်ခြင်းကြောင့်လည်း ရေနံစျေး ပြန်မြှောက်လာခြင်းဖြစ်ပေသည်။
မနေ့တုန်းကတော့ အမေရိကန်ရေနံသိုလှောင်မှုပမာဏအခြေအနေပြ ဒေတာ ထွက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ၌ ရေနံစည်ပေါင်း 8.4 သန်း တိုးလာခဲ့သည်။ တစ်နည်းအားဖြင့် ရေနံရောင်းလိုအားများနေဆဲဟု ညွန်ပြနေဆဲလည်းဖြစ်သည်။ သို့သော်လည်း အီတလီ၊ စပိန်၊ နိုင်ဂျီးရီးယား နှင့် အိန္ဒိယ တို့၌ လုပ်ငန်းခွင်အချို့ပြန်ဖွင့်စေခဲ့ခြင်းက ရေနံ ဝယ်လိုအားဘက်ကို အားဖြည့်ပေးသကဲ့သို့ရှိစေသည်။ ဂျာမဏီကလည်း ပြည်နယ် 16 ခုကို Lockdown လုပ်ထားရာကနေ ပြန်ဖွင့်ပေးဖို့ စီစဉ်နေပြီလည်းဖြစ်သည်။
OPEC နှင့် မဟာမိတ်နိုင်ငံများကလည်း တစ်နေ့လျှင်ရေနံစည်ပေါင်း 9.7 သန်းလျှော့ချထုတ်လုပ်ဖို့ သဘောတူညီမှု ပြုထားခဲ့ကြပြီး မေလ 1 ရက်နေ့ကစ၍ ၎င်းသဘောတူညီချက်အတိုင်း လျှော့ချမှု စတင်ခဲ့ကြပြီလည်း ဖြစ်သည်။
လက်ရှိအချိန်မှာတော့ စျေးကွက်ထဲ၌ ဉရောပစံနုန်းထား Brent ရေနံစိမ်း တစ်စည်ဟာ 31.50 ဒေါ်လာ ဝန်းကျင် ၌ရှိနေပြီး အမေရိကန်စံနုန်းထား WTI ရေနံကတော့ တစ်စည်ကို 26.40 ဒေါ်လာ ဝန်းကျင်၌ အရောင်းအဝယ် လုပ်နေကြပါသည်။
No comments:
Post a Comment