Thursday, May 7, 2020

ကျန်းမာရေးရော- စီးပွားရေးရော





ကျန်းမာရေးရော- စီးပွားရေးရော
ခင်မောင်ညို (ဘောဂဗေဒ)
The Voice Journal
2nd May,2020

မြန်မာနိုင်ငံမှာလည်း ရောဂါကို အရင်ထိန်းရမလား? စီးပွားရေးက အရေးမကြီးဘူးလားလို့ ငြင်းကြခုန်ကြတာတွေရှိပါတယ်။ အမေရိကန်မှာတော့ ပိုငြင်းကြတယ်။ ရောဂါဗေဒသမားများက ခပ်ခွာခွာလေးနေကြမှ လူပေါင်းများစွာအသက်ဆုံးရှုံးမှုဒဏ်က သက်သာရာရမယ်တဲ့။ ဘောဂဗေဒသမားများကလည်း အဝင်အထွက်အသွားအလာတွေ ပိတ်ပစ်လိုက်ရင် စီးပွားရေးအရ ထိခိုက်နစ်နာဆုံးရှုံးမှုကြီးမားတယ်။ ဒီအခါ စီးပွားရေးပြိုလဲတာတွေနဲ့ကြုံရမယ်။ စီးပွားရေးပြိုလဲတော့ရော၊ လူတွေထိခိုက်တာမဟုတ်လားတဲ့။
ကဲ- ဘယ်သူကမှန်သလဲ? အဲဒီအငြင်းအခုံကို ဖြေပေးထားတာတစ်ခုက သဘောကျစရာပါ။ သူက အမေရိကန်ကို အခြေခံပြီးတွက်ထားတာပါ။ မြန်မာနိုင်ငံအနေနဲ့တွက်ပြရင်လည်း ကောင်းပေမယ့် ကိုယ့်မှာက၊ ဘာအချက်အလက်မှမရှိ။ သူ့အဖြေလေးကို ဖတ်ကြည့်စဉ်းစားကြည့်ရအောင်။
သူက ပထမဆုံး ရောဂဗေဒသမားတွေရော၊ ဘောဂဗေဒသမားတွေရော မှန်တယ်တဲ့။ သူ့သုတေသနအပေါ်အခြေခံပြီးပြောတာပါ။ ကမ္ဘာ့ကပ်ရောဂါကို လွှတ်ပေးထားလို့လည်း မရဘူး။ အမေရိကန်လို ဒေါ်လာ ၂၁ ထရီလီယံလောက်ကြီးမားတဲ့ စီးပွားရေးအဆောက်အအုံကြီးကို တစ်နှစ်ခွဲလောက်ပိတ်ပစ်ဖို့ကလည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။
အခုဟာက ဘာကိုလုပ်မယ်၊ ဘာမလုပ်ဘူးလို့ ရွေးရမယ့်ကိစ္စမဟုတ်ဘူး။ နှစ်ခုစလုံးကလည်း ဆက်စပ်နေကြတာ။ အဲဒီလို လုံးထွေးရစ်ပတ်နေကြတာကို တချို့လူတွေက သဘောမပေါက်ကြဘူး။
စီးပွားရေးတက်တယ်ကျတယ်ဆိုတာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတယ်။ အဲသလိုဖြစ်တာဟာ သဘာ၀လည်းကျတယ်။ အသုံးလည်း ဝင်တယ်လို့၊ အဲဒီသုတေသီကဆိုတယ်။ စီးပွားရေးကျဆင်းတာလည်း အသုံးကျတယ်။ ဒါပေမယ့် ဝေဒနာတော့ ခံစားရတယ်။ စီးပွားရေးတိုးတက်တဲ့အချိန်တုန်းက မျက်နှာပြင်အောက်မှာ ပုန်းကွယ်နေတဲ့ပြဿနာတွေကို ဖြေရှင်းခိုင်းလိုက်တာပဲ။
အမေရိကန်မှာ မဟာစီးပွားရေးနှေးကွေးမှုကြီးဖြစ်တော့ အမေရိကန်ဘဏ္ဍာရေးကဏ္ဍရဲ့အရွယ်အစားဟာ အမေရိကန်စီးပွားရေးလည်ပတ်ဖို့ လိုအပ်တာထက်အဆမတန်ကြီးထွားနေတာကို တွေ့ရတယ်။ ၂၀၀၈ မတိုင်မီမှာ အမေရိကန်စီးပွားရေးထက်၊ ဘဏ္ဍာရေးကဏ္ဍကကြီးနေတယ်။ ဆင့်ပွား (Devivatives) တွေ၊ ကွန်ပျူတာသုံးအရောင်းအဝယ်လုပ်တာတွေလုပ်နေကြတယ် ။Devivatives တွေကို ဝါရင်ဘူဖက်(Warren Buffett)က လူအများသေကြေပျက်စီးနိုင်တဲ့ ဘဏ္ဍာရေးလက်နက် (Financial Weapon of mass destruction) လို့ခေါ်တယ်။ ခေတ်မီတဲ့လောင်းကစားဒိုင် (Casino) ပုံစံပေါက်နေပြီး၊ ပမာဏက ၆၀ ထရီလီယံ (အမေရိကန်ဒေါ်လာ) ရှိတယ်။ အဲဒီအချိန်က အမေရိကန်ရဲ့ စီးပွားရေးအဆောက်အအုံ (ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး)ဟာ ဒေါ်လာ ၁၄ ထရီလီယံပဲရှိတယ်။
ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းဟာ သိပ်ကြီး၊ သိပ်အင်အားကောင်း၊ သိပ်မြတ်လေတော့၊ တခြားလုပ်ငန်းတွေက အစွမ်းအစရှိတဲ့သူတွေ၊ ဥပမာ - ဒုံးပျံလွှတ်တဲ့ သိပ္ပံပညာရှင်တွေလိုလူတွေကိုပါ ဆွဲခေါ်တယ်။ သင်္ချာ၊ ရူပဗေဒ၊ အာကာသရူပဗေဒပါရဂူတွေကို အင်ဂျင်နီယာလောကကနေ ဆွဲထုတ်ပြီး၊ ဘဏ္ဍာရေးအင်ဂျင်နီယာတွေလုပ်ခိုင်းတယ်။ ၂၀၀၈ ခုနှစ်မှာ စတော့ရှယ်ယာစျေးကွက်လည်း ပြိုကွဲရော၊ သူတို့အတော်များများ အလုပ်ပြုတ်ကုန်ကြတယ်။ အဲဒီအခါကျမှာ သူတို့ရဲ့မူလလုပ်ငန်းခွင်ကို ပြန်သွားကြတယ်။ အဲသလိုအလုပ်သမားအပြောင်းအရွှေ့ဖြစ်တာဟာ လူ့အဖွဲ့အစည်းအတွက်ကောင်းတယ်။ ၂၀၀၈ ဘဏ္ဍာရေးပြိုကွဲမှုမဖြစ်ခင်က၊ အိမ်ခြံမြေစျေးအလွန်ကစားတဲ့ Las Vegas မှာ အိမ်ခြံမြေအပေါင်လုပ်ငန်းပွဲစား လေးသောင်းရှိတယ်။ နောက်တစ်နှစ်ကျတော့ နှစ်ထောင်ပဲကျန်တော့တယ်။ လိုအပ်တာထက်ပိုနေတဲ့ ပွဲစားတေွကို စီးပွားရေးနှေးကွေးမှုက ရှင်းပစ်လိုက်တယ်။
စီးပွားရေးနှေးကွေးမှုတွေဆိုတာ စီးပွားရေးစန်းပွင့်ချိန်တုန်းက မရှင်းခဲ့တဲ့ ပြဿနာတွေ၊ အလွန်အကျွံအစွန်းရောက်လုပ်ရပ်တွေကို ပြန်ချိန်ညှိပေးတာပါ။ စီးပွားရေးနှေးကွေးမှုတိုင်းဟာ အဲဒီကာလမတိုင်မီက ရှိနေတဲ့ ပုန်းလျှိုးနေတဲ့ပြဿနာတွေကို ရှင်းပေးတယ်။
အခုစီးပွားရေးနှေးကွေးမှုရဲ့ အခြေခံပြဿနာက ကမ္ဘာ့ကပ်ရောဂါပါ။ တိုတိုပြောရပြီး၊ ရှင်းနေတဲ့ကိစ္စက ကမ္ဘာ့ကပ်ရောဂါသာမရှိရင် ခု,လိုဆိုးဆိုးဝါးဝါးစီးပွားရေးနှေးကွေးမှုဖြစ်စရာအကြောင်းမရှိဘူး။ ဆိုလိုတာက စီးပွားရေးပြန်ကောင်းဖို့ဆိုရင် ကပ်ရောဂါကို ဘယ်လောက်ထိန်းနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်။
လက်တွေ့ကျကျပြောရရင် အပြတ်မထိန်းနိုင်ရင်တောင်မှ ခြေနိုင်လက်နိုင်ဖြစ်ရမှာပါ။
စီးပွားရေးနှေးကွေးမှုတွေဟာ ပုန်းလျှိုးနေတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတော့ ၂၀၂၀ ကမ္ဘာ့စီးပွားရေးနှေးကွေးမှုရဲ့ အခြေခံပြဿနာဟာ၊ ကိုဗစ်-၁၉ ဖြစ်တဲ့အကြောင်း အခြေခံအရင်းအမြစ်က ရှင်းနေပါပြီ။
စီးပွားရေးပြန်လည်ဦးမော့ဖို့ဆိုတဲ့ အစီအစဉ်တွေဟာ တစိတ်တပိုင်းအနေနဲ့ ကူးစက်ရောဂါကို စီမံကွပ်ကဲတဲ့ အစီအစဉ်အပေါ်မှာ မူတည်နေပါတယ်။ ဒီကိစ္စနှစ်ခုဟာ ဆက်နွယ်နေပါတယ်။
မေးစရာက ဘာလုပ်ကြမလဲ? ဘယ်တော့ လုပ်မလဲ?
ရေရှည်က ကာကွယ်ဆေးရယ်၊ ကုသဆေးရယ် ရဖို့ပါ။ ၀ူဟန်မှာ ၂၀၂၀ ဇန်နဝါရီလကတည်းက စမ်းသပ်မှုပေါင်း ၂၀၀ ကျော်လုပ်ခဲ့တယ်။ ခုဆိုရင် ကမ္ဘာတဝှမ်းမှာ ဆေးတွေဒါဇင်နဲ့ချီပြီး စမ်းသပ်နေကြတယ်။ လူနဲ့စီးပွားရေးအရ ထိခိုက်ဆုံးရှုံးနိုင်မှုတွေ သိပ်ပြီးကြီးမားတဲ့အတွက် ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ပါရမီရှင်တွေအများအပြားပေါ်ထွက်လာနေတာကိုလည်း တွေ့ကြရပါတယ်။ ဒါကတော့ အဆိုးထဲကအကောင်းပေါ့။ တချိန်ချိန်မှာတော့ ဆေးတွေ့မှာပါ။
ဆေးမတွေ့သေးခင် ကျန်းမာရေးနည်းလမ်းနှစ်ခုနဲ့ ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်လို့ရတယ်။ တနည်းက ဒေသအလိုက် အဝင်အထွက်ကန့်သတ်တဲ့နည်း၊ နောက်တစ်နည်းက သေသေချာချာ၊ ထိထိရောက်ရောက်ကွက်ပြီး အဝင်အထွက်ကန့်သတ်တဲ့နည်း။
အမေရိကန်က နေရာအတော်များများမှာ ဒေသအလိုက်ကွက်ပြီး အဝင်အထွက်ကန့်သတ်တဲ့နည်းကို သုံးတယ်။ ဒီနည်းဟာ သိပ်ပြီးထိရောက်တယ်။ ဒါပေမယ့် ဆိုးတာက ထိခိုက်နစ်နာမှု၊ စရိတ်စခအလွန်ကြီးမားတာကို တွေ့ရတယ်။
၂၀၁၉ မှာ အမေရိကန်ရဲ့ ဂျီဒီပီက ဒေါ်လာ ၂၁.၄၄ ထရီလီယံရှိတယ်။ အခုဆို တစ်လကို ၃၀% ကနေ ၅၀% အထိ ကျနေတယ်။ အလုပ်လက်မဲ့နှုန်းက ၃၀% မှာရှိတယ်။ ကာကွယ်ဆေးရဖို့ ၁၈ လလောက်စောင့်ရရင် ဒေါ်လာ ၁၀ - ၁၆ ထရီလီယံကုန်မယ်။ အလုပ်သမား ၃၀% ဟာ ဝင်ငွေမရှိ၊ စားစရာမရှိ။ စီးပွားရေးလုပ်ငန်းတွေရပ်သွားရင် အမေရိကန်အလုပ်သမား ၃၀% ကို ထောက်ပံ့နိုင်မလား? ဆင်းရဲကြ၊ ငတ်မွတ်ကြ၊ လူတွေဒုက္ခရောက်ကြဖြစ်ကုန်မလား?
အဆိုးဆုံးဖြစ်နိုင်တာက စုစုပေါင်းစရိတ်ဟာ တိုင်းပြည်ရဲ့ စီးပွားရေးပမာဏလောက်ဖြစ်သွားနိုင်တယ်။ အစိုးရတွေ၊ ကုမ္ပဏီတွေ၊ နိုင်ငံသားတွေက လိုက်ချေးရမယ်။ အခုနိုင်ငံရဲ့ကြွေးက ဒေါ်လာ ၂၃.၃ ထရီလီယံရှိတယ်။ ဒေါ်လာ ၂၁ ထရီလီယံ ကြွေးတင်ဖို့ အမေရိကန်ဟာ နှစ်ပေါင်း ၂၅၀ အချိန်ယူရတယ်။ တစ်နှစ်ခွဲအတွင်းအဲသလောက် အကြွေးတင်ခံနိုင်သလား။ ဆယ်စုနှစ်(ရာစုနှစ်)ပေါင်းများစွာပေးရမယ့် အတိုးကိုလည်း တွက်ကြည့်ရဦးမယ်။
ဒုတိယနည်းက တိတိကျကျ၊ အဝင်အထွက်ပိတ်တဲ့နည်း။
ဒီကပ်ရောဂါ၊ အခုလောက် မြန်မြန်ဆန်ဆန်ပြန့်နှံ့ရတဲ့အကြောင်းက မဖျားမနာ၊ လက္ခဏာမပြခင်၊ ငါးရက်ကနေ ဆယ်ရက်အတွင်းမှာ ကူးစက်နိုင်လို့ပါ။
အီဘိုလာရောဂါက သေပျောက်တဲ့နှုန်းမြင့်ပေမယ့် ဒီလောက်ဒုက္ခမပေးဘူး။ ဖျားပြီဆိုမှ ကူးတတ်လို့လေ။ အီဘိုလာက ၅၀% သေဆုံးတယ်။ ကိုဗစ်-၁၉ က ၁% ဝန်းကျင်ပဲရှိတယ်။ ဒါပေမယ့် အီဘိုလာထက် ပိုပြီးကူးစက်နိုင်တော့ ပိုပြီးသေဆုံးနိုင်တယ်။ လူ ၂ သောင်းအီဘိုလာအဖျားရောဂါရတယ်။ တစ်ဝက်သေတယ်။ အဝင်အထွက်ကန့်သတ်တဲ့နည်းနဲ့ပဲဖြစ်ဖြစ်၊ ကာကွယ်ဆေးနဲ့ပဲဖြစ်ဖြစ်၊ မထိန်းချုပ်နိုင်ရင် သန်း ၃၀၀၀ ကနေ ၅၀၀၀ အထိ ဆက်ကူးနိုင်တယ်။ ၃ ဘီလျံနဲ့ ၅ ဘီလျံရဲ့ ၁% ဟာ လူ ၂သောင်းရဲ့ ၅၀% ထက်များတယ်။ လူအတော်များများက သေတဲ့နှုန်းကို ဂရုစိုက်ပြီး၊ ကူးတဲ့နှုန်းကို သိပ်ဂရုမစိုက်ကြဘူး။ ရောဂါဘယ်နှစ်ယောက်တောင်ကူးစက်နိုင်သလဲဆိုတာမသိရင် သေဆုံးတဲ့နှုန်းဟာ အဓိပ္ပါယ်မရှိဘူး။ ၁ ယောက်ပဲကူးတယ်။ အဲဒီ ၁ ယောက်ဆုံးတယ်ဆိုတာ မိသားစုဒုက္ခရောက်ကြပေမယ့်၊ နိုင်ငံတွေနဲ့ ကမ္ဘာကကြောက်စရာမရှိဘူး။ ဒါပေမယ့် ကူးစက်ပြီဆိုရင် ပြဿနာ။
ကိုဗစ်-၁၉ က အလွန်အမင်းကူးစက်လွယ်တယ်။ ဒါကြောင့် ဒီလောက်တောင်ကြောက်နေရတာ။
ပုံမှန်ဆို ဖျားနာနေတဲ့သူကို ကျန်းမာနေတဲ့သူနဲ့ တခြားစီထားမယ်။ ဒါဆို ကျန်းမာတဲ့သူတွေ မဖျားတော့ဘူး။ ကိုဗစ်-၁၉ ရဲ့ပြဿနာက ကူးစက်ခံရတဲ့သူဟာ ဖျားတယ်လို့ မထင်ရဘူး။ သူတို့ကြည့်ရတာ ပုံမှန်လိုပဲ၊ သူတို့ဘာသာသူတို့လည်း ဘာမျှမဖြစ်သလိုပဲ။ ဒါကြောင့်လည်း ကူးစက်လွယ်တာ။
ကိုဗစ်-၁၉ နဲ့ပတ်သက်ရင် ဖျားနေတဲ့သူနဲ့ ကျန်းမာတဲ့သူကို ခွဲလို့မရဘူး။ ကျန်းမာပုံရပြီး ကူးစက်ခံထားရသူနဲ့ ကူးစက်မခံရဘဲ၊ ကျန်းမာနေတဲ့သူကို ခွဲခြားဖို့လိုတယ်။ အဲသလို ခွဲခြားနိုင်ဖို့က ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်နိုင်ရမယ်။ သူနဲ့ထိတွေ့ဆက်ဆံမှုရှိတဲ့သူတွေကို ဖော်ထုတ်နိုင်ရမယ်။ သူတို့ကို အဝင်အထွက်အသွားအလာ ကန့်သတ်ရမယ်။
တိတိကျကျ၊ အဝင်အထွက်တားဆီးတာတွေကို တောင်ကိုးရီးယားနဲ့ တရုတ်တိုင်ပေတို့မှာလုပ်တယ်။ ဒီနေရာတွေရဲ့ ထူးခြားချက်က ဒေသအလိုက် အဝင်အထွက်ပိတ်ဆို့တာမျိုး လုံး၀မလုပ်ဘဲ၊ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်တာပါ။ တောင်ကိုးရီးယားနဲ့ တရုတ်(တိုင်ပေ)ကလူတွေက အလုပ်သွားနေကြတုန်းပဲရှိသေးတယ်။
တနည်းပြောရမယ်ဆိုရင်တော့ သူတို့ဟာ ဗိုင်းရပ်စ်ပြန့်နှံ့တာကို ထိန်းလည်းထားနိုင်တယ်။ ဒေသတွေကိုရွေးပြီး အဝင်အထွက်ပိတ်တာမျိုးလည်း မလုပ်ဘူး။ နေရာတိတိကျကျသတ်မှတ် အဝင်အထွက်ပိတ်ပြီး၊ စီးပွားရေးကလည်း ပုံမှန်လည်ပတ်နေတယ်။ ဒီတော့ ဘာလို့နေရာတိတိကျကျသတ်မှတ်ပြီး၊ အဝင်အထွက်ကန့်သတ်တာတွေ ဘာလို့မလုပ်ကြသလဲလို့ မေးစရာရှိလာတယ်။ ရောဂါကိုလည်း ထိန်းနိုင်၊ စီးပွားရေးလည်း ပုံမှန်လည်ပတ်နေရင် မကောင်းဘူးလား?
ဖြေရရင် တောင်ကိုးရီးယားနဲ့တရုတ်(တိုင်ပေ)တို့မှာ ကူးစက်ရောဂါတွေ၊ ကမ္ဘာ့ကပ်ရောဂါတွေနဲ့ တွေ့ကြုံရတာ ပထမဆုံးအကြိမ်မဟုတ်ဘူး။ တုတ်ကွေး၊ ဆားစ်၊ H1N1 နဲ့ MERS ဆိုတဲ့ ကူးစက်ရောဂါတွေထဲက တစ်ခုခုနဲ့ကြုံတွေ့ပြီး၊ အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီးဖြစ်တယ်။ တိုတိုပြောရရင် သူတို့ဟာ အသက်တွေ ဆုံးရှုံးခဲ့တဲ့အတွေ့အကြုံတွေ၊ သင်ခန်းစာတွေရထားပြီးဖြစ်တယ်။ သူတို့ဟာ အမေရိကန်တွေမလုပ်တဲ့ အလုပ်ခြောက်ခုကိုလုပ်တယ်။
- သူတို့ဟာ အဆင်သင့်ပြင်ဆင်ထားတယ်။ ကပ်ရောဂါတုန့်ပြန်ဖို့အစီအစဉ်တွေ ဆွဲထားပြီးသား၊ ပစ္စည်းတွေစုထားပြီးသား။
- သူတို့ဟာ မြန်မြန်ဆန်ဆန်တုန့်ပြန်နိုင်ကြတယ်။
- ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်စစ်ဆေးမှုတွေလုပ်တယ်။
- ကူးစက်ခံရတဲ့သူတွေ၊ ရောဂါပိုးသယ်ဆောင်သူဖြစ်သွားတဲ့လူတွေနဲ့ ဆက်စပ်မှုရှိသူတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်နိုင်တယ်။
- GPS သုံး မိုဘိုင်း App တွေနဲ့ တိတိကျကျ အဝင်အထွက်ကန့်သတ်နိုင်တယ်။
- အများပြည်သူရှိတဲ့နေရာတွေသွားရင် မျက်နှာဖုံးစွပ်ကြတယ်။
အမေရိကန်တွေဟာ ကပ်ရောဂါအတွက်ပြင်ဆင်၊ မြန်မြန်ဆန်ဆန်တုန့်ပြန်နိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးခဲ့ကြပေမယ့်၊ ကျန်တဲ့လေးခုကလုပ်ဖို့ အခွင့်အလမ်းရှိနေသေးတယ်။
တဘက်မှာ စမ်းသပ်စစ်ဆေးနိုင်တဲ့စွမ်းရည်ကတက်လာနိုင်တယ်။ တခြားတဘက်မှာလည်း အမေရိကန်အနေနဲ့ ရောဂါပိုးလျှင်မြန်စွာပြန့်နှံ့နေတာနဲ့ ကြုံနေရတယ်။ အခုအထိ ရောဂါပိုးပြန့်နှံ့တဲ့နှုန်းဟာ စစ်ဆေးစမ်းသပ်စရာတွေ ထုတ်လုပ်၊ စုဆောင်းစစ်ဆေးနိုင်စွမ်းထက်မြန်နေတာကို တွေ့ရတယ်။
ရောဂါပိုးကူးစက်တာနည်းသေးတဲ့အချိန်မှာ နေရာတိတိကျကျရွေးချယ်သတ်မှတ်ပြီး၊ လိုအပ်တာတွေလုပ်ဆောင်ဖို့က ပိုပြီးလွယ်တယ်။ ပထမဆုံးပိုးတွေ့တဲ့လူနာတစ်ယောက်ရှိမယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ ဆယ်ယောက်မှာလည်း ပိုးတွေ့တယ်။ ကနေ့ပဲသူတို့ကို ကိုယ့်ဘာသာအသွားအလာ အဝင်အထွက်မလုပ်ဘဲနေလိုက်လို့ရတယ်။ စောစောစီးစီးသာတွေ့လိုက်ရင် အဲဒီဆယ်ယောက်ကနေထပ်ပြီးမပွားဘူး။ ရောဂါပိုးကိုလည်း ထိန်းချုပ်နိုင်တယ်။ (ဒီလိုပြောတာက နည်းနည်းတော့ လွယ်လွန်း၊ ရိုးစင်းလွန်းတယ်) ဒါပေမယ့် တစ်ရက်ထဲ လူ ၂ သောင်းလောက်မှာ ရောဂါပိုးတွေ့တယ်။ သူတို့ကနေ ဆယ်ယောက်စီနဲ့ထိတွေ့ဆက်ဆံမှုရှိတယ်ဆိုရင် လူ ၂ သိန်းလောက် လိုက်ဆက်သွယ်ရမယ်။ အဝင်အထွက်အသွားအလာကန့်သတ်ရမယ်။ အဲဒီထဲက တချို့ကိုလွတ်သွားရင် သူတို့ကနေ သူများကို ထပ်ပြီးကူးမယ်။ နောက်တစ်နေ့ကျရင် ပိုးထပ်တွေ့တဲ့သူနှစ်သောင်းလောက်ဖြစ်လာမယ်။ အမေရိကန်မှာ အဲသလိုဖြစ်နေတာပါ။ တိတိကျကျသတ်မှတ်ပြီး အဝင်အထွက်တားဆီးဖို့က မြန်လည်းမြန်မြန်လုပ်ရမယ်။ လူအင်အားလည်း အများကြီးလိုတယ်ဆိုတော့ လက်တွေ့မှာလုပ်ဖို့ခက်သွားတယ်။ အဲသလိုဆိုရင် ဘယ်လိုလုပ်ကြမလဲ?
ရောဂါဗေဒကျွမ်းကျင်သူတွေကတော့ နှစ်မျိုးစလုံးကို ပေါင်းလုပ်ဖို့ ပြောကြတယ်။
ဒေသအလိုက် အဝင်အထွက်ကန့်သတ်ပြီး၊ ကူးစက်တာနည်းသွားအောင်ထိန်းထား၊ ကူးစက်တာနည်းသွားပြီဆိုရင် နေရာတိတိကျကျသတ်မှတ်ပြီး၊ အဝင်အထွက်ကန့်သတ်တဲ့။
နေရာဒေသရွေးချယ်ကန့်သတ်တာဟာ ရောဂါပြန့်ပွားတဲ့အချိန်ကိုလျော့သွားစေနိုင်တယ်။ စမ်းသပ်ဖို့၊ ဆေးဝါးစောင့်ရှောက်မှုတွေလုပ်ဖို့ အချိန်ရတယ်။ ဆေးရုံတွေ မနိုင်မနင်းဖြစ်တာမျိုးကို ကာကွယ်နိုင်တယ်။ ပြဿနာကို လျော့ချနေတဲ့အချိန်အတောအတွင်းမှာ ပြဿနာကို ကိုင်တွယ်နိုင်တဲ့ စွမ်းရည်ချဲ့ထွင်လို့ရတယ်။ ဒါဆိုရင် တိတိကျကျနေရာရွေးချယ်ပြီး အဝင်အထွက်ကန့်သတ်တဲ့နည်းကို သုံးလို့ရတယ်။ ဒီလိုလုပ်ဖို့ဆိုတာ လက်တွေ့လည်း ဖြစ်နိုင်တယ်။
တဘက်ကလည်း PPE လိုတကိုယ်ရေ ကာကွယ်ရေးဝတ်စုံတွေ ဘယ်အချိန်၊ ဘယ်နေရာ အရောက်ရနိုင်သလဲဆိုတာ သိထားဖို့လိုတယ်။ စမ်းသပ်တဲ့ကိရိယာတွေ၊ စမ်းသပ်မယ့်နေရာတွေ၊ ဓါတ်ခွဲခန်းတွေ ဘယ်လောက်ရှိသလဲဆိုတာလည်း သိထားရမယ်။ တစ်နိုင်ငံလုံးမှာ ထိတွေ့ဆက်စပ်မှုရှိတဲ့သူတွေကို ဘယ်လောက်ဖော်ထုတ်နိုင်သလဲ? နမူနာကောက်ထားတာရှိသလား? အရင်ကဖျားဘူးတဲ့အတွေ့အကြုံရှိသလား? အရင်ကဖျားဘူးတဲ့သူက ရောဂါပိုးကို ခံနိုင်ရည်ရှိပြီး လုပ်ငန်းခွင်ကို ပြန်သွားနိုင်သလား? အဲသလိုပြန်သွားရင် တခြားသူတွေကို ကူးစက်မယ့်အန္တရာယ်ရှိသေးသလား?
ချုပ်ရရင် ရောဂါဗေဒသမားတွေရော၊ ဘောဂဗေဒသမားတွေရောပြောတာမှန်တယ်။
အခြေအနေတွေ ပိုကောင်းမလာသေးခင်၊ အခြေအနေတွေ ပိုဆိုးတာနဲ့ကြုံရနိုင်တယ်။ အခြေအနေဆိုးနေတဲ့အချိန်မှာ ထိခိုက်မှုတွေရှိမယ်။ ပြီးရင်တော့ အခြေအနေကောင်းသွားမှာပါ။
ဘယ်တော့လဲ၊ ဘယ်လိုလုပ်မှာလဲလို့မေးရင် ကိုယ်မလုပ်နိုင်တာတွေရှိတယ်။ ကိုယ်လုပ်နိုင်တာတွေရှိတယ်။ ဒါတွေကို သဘောပေါက်ဖို့လိုတယ်။
အစိုးရက ဘာလုပ်တာ၊ ဘာမလုပ်တွေကို ကိုယ်ဘာမျှမတတ်နိုင်ဘူး။
အထူးသဖြင့် အကြပ်အတည်းနဲ့ကြုံတွေ့နေချိန်မှာ ကိုယ်ဘာမလုပ်နိုင်သလဲ၊ ကိုယ်ဘာလုပ်နိုင်သလဲဆိုတာ ကောင်းကောင်းသဘောပေါက်ဖို့လိုတယ်။
အကြပ်အတည်းနဲ့ကြုံတဲ့အခါ ရှင်သန်ကျန်ရစ်တဲ့သူတွေကိုကြည့်ရင် သူတို့ဟာ သူတို့ရဲ့စွမ်းအား ၉၀% ကို သူတို့လုပ်နိုင်တာတွေကို မြှုပ်နှံလုပ်ကိုင်နေကြတဲ့သူတွေဖြစ်တယ် ဆိုတာ တွေ့ရတယ်။
စီးပွားရေးအကြပ်အတည်းပေါင်းများစွာနဲ့ကြုံတွေ့တဲ့အခါ၊ လုပ်ငန်းတွေအများကြီးပိတ်သွားကြတယ်။ လူတွေအများကြီးဒုက္ခရောက်ကြတယ်။ လူတွေ ဘယ်လိုတုန့်ပြန်ကြသလဲ?
အကြပ်အတည်းတစ်ခုခုစဖြစ်ပြီဆိုရင် လူအတော်များများဖြစ်တတ်တဲ့ ပထမဆုံးအမှားက မကောင်းတာတစ်ခုခုဖြစ်နေပြီဆိုတာကို လက်မခံကြ၊ မယုံကြည်ကြဘူး။ မကောင်းတာတွေ၊ ဖြစ်လာမှာမဟုတ်ဘူးလို့ထင်ကြတယ်။ အတော်လေးကြာမှ အခြေအနေဆိုးဝါးတာကို သဘောပေါက်လာကြ၊ လက်ခံလာကြတယ်။ အဲဒီလိုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ၊ ပြင်ဆင်သင့်တဲ့အချိန်တွေ ဆုံးရှုံးကြတယ်။
လူတွေ ဒုတိယမှားတတ်တဲ့အမှားက ကိုယ်မတတ်နိုင်တာတွေကို ထိန်းချုပ်ဖို့ကြိုးစားကြတာပါ။ ဒီလိုနဲ့ထိရောက်မှုလည်းမရှိ၊ စွမ်းအားတွေလည်း ဆုံးရှုံးကြတယ်။ ကိုယ့်ဆီက တချို့ဖောက်သည်တွေ လျော့သွားတာကို ကိုယ်ဘာမျှမတတ်နိုင်ဘူး ဘာလို့မှန်းမသိ။ ကိုယ့်ဆီကဆက်ပြီးဝယ်နေတဲ့သူတွေရှိတယ်။ သူတို့ကို ဘယ်လိုဆက်ထိန်းထားမလဲဆိုတဲ့ကိစ္စက ကိုယ်တတ်နိုင်တဲ့ကိစ္စပါ။ ဘယ်သူတွေ၊ ဘာကြောင့် ဘယ်လိုသုံးနေကြသလဲဆိုတာ သိအောင်လုပ်ဖို့၊ ကိုယ်တတ်နိုင်တယ်။ အဲဒီလူတွေ သုံးစွဲတဲ့ထဲမှာ ကိုယ့်ပစ္စည်းတွေ ပါလေမလား၊ ကြည့်နိုင်တယ်။
အခုကိုယ်လုပ်နေတာတွေကို လူတွေက မလေးစား၊ တန်ဖိုးမထားတော့ဘူးဆိုရင်၊ ဘယ်သူတွေကို ငှားရမ်းနေကြ၊ အလုပ်ခန့်ကြသလဲ၊ ဘာကြောင့်လဲဆိုတာ၊ ကိုယ်သိအောင်လုပ်နိုင်တယ်။ ဥပမာ- အစားအစာရောင်းတဲ့လုပ်ငန်းတွေ၊ ပို့ပေးတဲ့လုပ်ငန်းတွေမှာ လူတွေလိုနေတယ်ဆိုတာ တွေ့နိုင်တယ်။
ရှင်သန်ဖို့၊ တိုးတက်အောင်မြင်ဖို့ဆိုတာ
- ကမ္ဘာကြီးပြောင်းလဲသွားပြီဆိုတာလက်ခံပါ။
- ဘာတွေဘာကြောင့်ပြောင်းလဲသလဲဆိုတာ သိအောင်လုပ်ပါ။
- အတိတ်ကို မစွဲလမ်းပါနဲ့၊ ကမ္ဘာကြီးရဲ့ဦးတည်ရာနဲ့လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားပါ။
၂၀၀၀ ပြည့်နှစ်မှာ အင်တာနက်ကုမ္ပဏီတွေပြိုကွဲ၊ အမေရိကန်မှာ စက်တင်ဘာ ၁၁ တိုက်ခိုက်ခံရမှု၊ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးအကြပ်အတည်း၊ အကြပ်အတည်းအားလုံးမှာ ဒီအချက်တွေ အားလုံးမှန်ခဲ့ပါတယ်။ အနာဂတ်စီးပွားရေးအကြပ်အတည်းတွေမှာလည်း မှန်နေဦးမှာပါ။
ကနေ့ ခင်ဗျား ဘာတွေစဉ်းစားအာရုံစိုက်နေသလဲ?
ဒါ ခင်ဗျားရဲ့သဘောပါ။တဲ့
ညွှန်း - Victor Cheng

No comments:

Post a Comment