COVID-19 Fund ချေးငွေတတိယအသုတ်အဖြစ် လုပ်ငန်း (၁၁၃)ခုကို ကျပ် (၃) ဘီလီယံကျော်ထုတ်ချေးမည်
ရန်ကုန်၊ မေ ၆
COVID-19 Fund ချေးငွေတတိယအသုတ်အဖြစ် လုပ်ငန်း (၁၁၃)ခုကို တန်ဖိုးငွေ ကျပ် (၃ ဒဿမ ၅၉၉၆) ဘီလီယံ ထုတ်ချေးပေးသွားမယ်လို့ COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ သိရပါတယ်။
မေလ ၅ ရက်ပြုလုပ်ခဲ့တဲ့ COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ (၄/၂၀၂၀) အစည်းအဝေးမှာ အခုလိုချေးငွေထုတ်ပေးရေးအတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ကော်မတီအနေဖြင့် COVID-19 ကြောင့် ထိခိုက်နိုင်သည့် စီးပွားရေးလုပ်ငန်းများအတွက် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပါရှိသည့် အကျုံးဝင်ရမည့် အချက်များနှင့်အညီ စိစစ်၍ COVID-19 Fund မှ ချေးငွေများကို ထုတ်ပေးနေခြင်းဖြစ်ပါတယ်။
ယင်းအပြင် စီးပွားရေးလုပ်ငန်းများအတွက် အခြားဖြေလျှော့မှုများအနေဖြင့် အစိုးရဌာနများမှ အခွန်ကောက်ခံမှု များ၊ လူမှုဖူလုံရေးထည့်ဝင်ကြေး ဖြေလျှော့မှုများ ဆောင်ရွက်ပေးခြင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်ကြေးကောက်ခံမှုများတွင် အချို့အား ကင်းလွတ်ခွင့်ပြုခြင်း၊ နိုင်ငံပိုင်ဟိုတယ်ငှားရမ်းခများ ရွှေ့ဆိုင်ပေးခြင်း၊ ဗဟိုဘဏ်ကလည်း ဘဏ်အတိုး နှုန်းများ ပြင်ဆင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
COVID -19 Fund ကို နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေမှ ကျပ် (၅၀) ဘီလီယံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် (၅၀) ဘီလီယံ စုစုပေါင်း ကျပ် (၁၀၀) ဘီလီယံကို ကနဦးမတည်ခဲ့ပြီး COVID-19 ကြောင့် လတ်တလောစီးပွားရေး ထိခိုက်မှုအများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် သတ်မှတ်ကာ ချေးငွေထုတ်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ယင်းချေးငွေကို ဦးစားပေးကဏ္ဍမှ လုပ်ငန်းများအနေဖြင့် စတင်လျှောက်ထားနိုင်ကြောင်းကို မတ်လ ၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး မတ်လ ၃၀ ရက်မှ ဧပြီလ ၉ ရက်အထိ ချေးလျှောက်လွှာများကိုလက်ခံပေးရာ စုစုပေါင်း လျှောက်ထားသူ (၃၈၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ယင်းလုပ်ငန်းများမှ ပထမအသုတ်အဖြစ် လုပ်ငန်းရှင် (၈၈)ဦးနှင့် ဒုတိယအသုတ်အဖြစ် လုပ်ငန်းရှင် (၁၁၃)ဦးကို ချေးငွေထုတ်ယူခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ရေးသားသူ - BETV Business
No comments:
Post a Comment