အဝေးသင် ပညာရေးအတွက် ထိုင်းနိုင်ငံကကျောင်းတွေ အဆင်သင့် ဖြစ်ပါရဲ့လား။
(တခြားနိုင်ငံမှာ မေးခွန်းထုတ်တာပါ)
Bundit Kertbundit ရဲ့ ဆောင်းပါးကို ဘာသာပြန်ထားပါတယ်။
=================
Covid-19 ကူးစက်ကပ်ဘေး စတင်လာတဲ့အခါ ပညာသင်ကြားရေးဌာနအများက ကျောင်းသားတွေကို အကာအကွယ် ပေးဖို့ သူတို့ တံခါးတွေကို ပိတ်ခဲ့ပါတယ်။ ကုလသမဂ္ဂ UNESCO ရဲ့ မှတ်တမ်းတွေအရ နိုင်ငံပေါင်း ၁၉၃ ခုမှာ ကျောင်းတွေကို ပိတ် ပစ်ခဲ့ကြပါတယ်။ စုစုပေါင်း တကမ္ဘာလုံးမှာရှိတဲ့ ကျောင်းသားဦးရေရဲ့ ၉၁% (အရေအတွက်အားဖြင့်) ၁.၆ ဘီလီယံ လောက် ရှိ ပါလိမ့်မယ်။
ဒီလို ခက်ခဲတဲ့အချိန်မှာ စဉ်ဆက်မပြတ် ပညာဆက်သင်ကြားရေးက ပညာရေးဆိုင်ရာ အရာရှိတွေရဲ့ အဓိကဦးစားပေး လုပ်ငန်း ဖြစ်ပါတယ်။ ဒီလိုသာ ပညာသင်ကြားနိုင်မှု မရှိဘူးဆိုရင် ကျောင်းသားတွေ ပေးဆပ်ရမယ့်တန်ဖိုး၊ စီးပွားရေးစနစ် တခုလုံး ဆုံးရှုံးရမယ့်တန်ဖိုးဟာ မနည်းလှပါဘူး။
Northwest Evaluation Association (NWEA) က သုတေသီ မီဂန် ကူဖီးလ် (Megan Kuhfeld) နဲ့ ဘက်သ် တာရာဆာဝါ (Beth Tarasawa) တို့တွက်တာကတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ဆိုရင်၊ အကယ်၍ ကျောင်းတွေက စက်တင်ဘာ လ အစောပိုင်းမှာ ပြန်စနိုင်တယ်ဆိုရင်တောင်၊ အရင်ပညာသင်နှစ်နဲ့ နှိုင်းယှဉ်တွက်ချက်ရင် ကျောင်းသားတွေရဲ့ စာသင်ချိန် အဖတ် ကဏ္ဍအတွက် သုံးပုံတပုံနဲ့ သင်္ချာအတွက် အချိန်တဝက်ကျော် ဆုံးရှုံးသွားရမယ်လို့ တွက်ချက်ပါတယ်။
ဂျော့တောင်းတက္ကသိုလ်က တွဲဘက်ပါမောက္ခ ဂျော့ ဆာချာလိုပေါရို့စ် (George Psacharopoulos) နဲ့ သူ့ရဲ့အဖွဲ့ကတွက်ချက် တာကတော့ အမေရိကန်ကျောင်းသားတွေက မတ်လလယ်မှာ စတင်ရမယ့် ကျောင်းတွေ ပိတ်ထားတာကြောင့် တနှစ်ကို ရနိုင်ခြေရှိတဲ့လစာရဲ့ ၂.၅% ဆုံးရှုံး အချီးနှီးဖြစ်ရပါလိမ့်မယ်။ အခုလို ထိခိုက်နစ်နာရမှုက စုစုပေါင်းနှစ်စဉ် ဝင်ငွေပေါင်းရဲ့ ၆၃% သို့မဟုတ် လာမယ့်မျိုးဆက်အတွက် အမေရိကန်ပြည်ထောင်စု GDP ရဲ့ ၁၂.၇ % နစ်နာစေပါလိမ့်မယ်။
ကျောင်းသားတွေ ပညာရေးချောက်ကမ်းပါးက မကျသွားစေဖို့အတွက် ကျောင်းတွေက အဝေးကနေ ပညာသင်ကြားပို့ချဖို့ ကြိုးပမ်းလာကြပါတယ်။ သင်ကြားပေးမယ့် နည်းလမ်းတွေကတော့ ကျောင်းဟောင်းတွေမှာ ပုံနှိပ်ထားတဲ့ ဖတ်စာအုပ်တွေ ကတဆင့် သင်နည်းတွေကနေ၊ ရုပ်မြင်သံကြား ရေဒီယိုထုတ်လွှင့်မှုတွေ၊ ပိုအဆင့်မြင့်တဲ့ နည်းပညာပစ္စည်းတွေ၊ အွန်လိုင်း ပလက်ဖောင်းတွေသုံးပြီး ပို့ချစေမှာ ဖြစ်ပါတယ်။
နောက်ဆုံးပေါ်နည်းတွေမှာ ကြိုတင် ရိုက်ကူးသွင်းထားပြီး ဝက်ဘ်ကထုတ်လွှင့်ခြင်း (webcasts)၊ ပညာရေးဌာန ဝက်ဘ် ပေါ်တယ်က ထုတ်လွှင့်ခြင်း၊ ယူကျု YouTube နဲ့ ကလောက် ကွန်ပြူတင်း (cloud computing) တွေ ပါဝင်ပါတယ်။ တခါ အွန်လိုင်းက ပို့ချတဲ့ Google Classroom နဲ့ Microsoft Teams ၊ Zoom နဲ့ Google Hangouts စသဖြင့်နဲ့ ဗီဒီယို ကွန်ဖရင့် တချိန်တည်းမှာလုပ်တဲ့ နည်းပညာတွေလည်း သုံးပါတယ်။
ဥရောပ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (OECD) နဲ့ ကမ္ဘာ့ဘဏ်တို့က နိုင်ငံတွေ အဝေးကနေ သင်ကြားပို့ချ ဖို့ အဆင်သင့်ဖြစ်နေ- မနေ ဆိုတာကို လေ့လာခဲ့ကြပါတယ်။ ဥုံဖွ- မှော်ဆန်ဆန်လုပ်လို့ မရဘူးဆိုတာ နိုင်ငံအများမှာ တွေ့ကြ ပါတယ်။ နည်းပညာနဲ့ အရင်းအမြစ် အကန့်အသတ်တွေ ရှိနေကြပါတယ်။ ဒီနိုင်ငံတွေက ပုံနှိပ်စာအုပ်တွေရော၊ ရေဒီယို၊ ရုပ်မြင်သံကြားပါ ပူးတွဲ သုံးနေကြသလို၊ အပြန်အလှန် တုံ့ပြန်နိုင်တဲ့ မိုဘိုင်းနဲ့ အွန်လိုင်းနည်းနာတွေကိုလည်း သုံးကြပါတယ်။
အာဂျင်တီးနားကို လေ့လာကြည့်ကြပါတယ်။ အဲဒီနိုင်ငံမှာ သူငယ်တန်းကနေ ၁၂ တန်းအထိ သင်ခန်းစာတွေကို စာတိုက်က ပို့လိုက်ကြပါတယ်။ သင်ကြားမှုကိုတော့ အများပြည်သူသုံး ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာ တနေ့ကို ၇ နာရီကနေ ၁၄ နာရီ အထိ ထုတ်လွှင့်ပေးပါတယ်။ အစိုးရ ပညာရေးဝက်ဘ်ဆိုဒ်မှာလည်း တောင်းဆိုလို့ရတဲ့ ဒစ်ဂျစ်တယ် စာရွက်၊ မှတ်တမ်းတွေ၊ အွန်လိုင်း သင်ခန်းစာတွေကို တင်ထားပေးပါတယ်။
အချို့အစိုးရတွေကတော့ ပညာရေးအတွက် ဘတ်ဂျက် အမြောက်အများသုံးဖို့ ပြင်ဆင်ထားကြပါတယ်။
တောင်ကိုရီးယားနိုင်ငံဆိုရင် ပညာရေးကဏ္ဍအတွက် ဒေါ်လာ ၂၅၀ သန်း (တနည်း စုစုပေါင်း ပညာရေးဘတ်ဂျက်ရဲ့ ၄%) ကို အီး-လေ့လာရေး ပလက်ဖောင်း (e-learning platforms)၊ ဝိုင်ဖိုင်ရရှိနိုင်ရေး WiFi နဲ့ အိုင်တီပစ္စည်းတွေအတွက် အရေးပေါ် သုံးဖို့ ဆောင်ရွက်ခဲ့ပါတယ်။
အချို့နိုင်ငံတွေက ထိခိုက်နစ်နာနိုင်ခြေရှိတဲ့ ကျောင်းသားတဦးချင်းစီကို အွန်လိုင်း ပညာရေး ရောက်ရှိနိုင်စေရေးအတွက် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ဆောင်ရွက်ကြပါတယ်။ ဥပမာအားဖြင့်- အစိုးရက အင်တာနက်ဝန်ဆောင်မှု ပေးနေသူတွေကို မိတ်ဖက်ပြု ဆွေးနွေးပြီးတော့ ပံ့ပိုးမှု ပြုစေပါတယ်။ ဂျာမေကာမှာဆိုရင် ဒေတာနဲ့ ဒစ်ဂျစ်တယ် မှတ်တမ်း တွေအတွက် အခကြေးငွေ မယူတာမျိုး လုပ်ပါတယ်။ မိုဘိုင်းဖုန်း ကုမ္ပဏီတွေက ကျောင်းသားတွေကို အခမဲ့ဆင်းမ်ကဒ် (SIM) ပေးတာမျိုး အီဂျစ်မှာ ဆောင်ရွက်ပါတယ်။ ဘူလ်ဂေးရီးယားမှာတော့ ပုံနှိပ်ထုတ်ဝေသူတွေက ၁ တန်းကနေ ၁၀ တန်း အထိ အခမဲ့ အီး-ဖတ်စာအုပ် တွေ ဝေငှပေးခဲ့ပါတယ်။ အင်ဒိုနီးရှားမှာတော့ အွန်လိုင်းပညာရေး ပို့ချနေတဲ့ဌာန လုပ်ငန်းတွေက သူတို့ သင်ခန်းစာတွေကို အခမဲ့ဖြန့်ပေးခဲ့ကြပါတယ်။
အဲဒါအပြင် ကင်ညာအစိုးရ၊ Alphabet Inc နဲ့ Telkom Kenya ကုမ္ပဏီတွေ ပူးပေါင်းပြီး Google's Loon Balloons မိုးပျံ ပူဖောင်းတွေ လွှင့်တင်ခဲ့ကြပါတယ်။ ကျောင်းသားတွေ 4G-LTE နှုန်းနဲ့ ကောင်းကင် ဝိုင်ယာလက်စ် ကွန်ရက်ချိတ်ဆက် ရယူ နိုင်ဖို့ပါ။
အဝေးသင် ပညာရေး သေချာထိရောက်စေဖို့ အီတလီမှာ ဆရာတွေကို အဝေးသင်စနစ်နဲ့ သင်တန်းတွေပေးပါတယ်။ ဒေသ ဆိုင်ရာအလိုက် အလုပ်အဖွဲ့ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ ဂျော်ဂျီယာနိုင်ငံမှာတော့ နည်းပညာ တက်ခ်ကျွမ်းကျင်သူတွေ (စေတနာ့ဝန်ထမ်းတွေ) က ကျောင်းဆရာတွေကို ကူညီပေးဖို့ အကြံပေးဒိုမိန်း (virtual consulting domains) များ ဖွင့်တာ တွေလည်း လုပ်ပါတယ်။ အဝေးကနေ သူတို့က နည်းပညာ ကူညီပေးပါတယ်။
ထိုင်းနိုင်ငံမှာတော့ ပညာရေးဝန်ကြီးဌာနက အဝေးသင်ပညာရေး လုပ်ဆောင်မယ် ကြေညာထားပါတယ်။ အထူးသဖြင့် ရုပ်မြင်သံကြား၊ တောင်းဆိုလို့ရနိုင်တဲ့ အရင်းအမြစ်များ နဲ့ ဒစ်ဂျစ်တယ်ပညာရေး အကောင်းဆုံးဖြစ်စေရေး ပလက်ဖောင်း
digital education excellence platform (Deep)၊ အပြန်အလှန် ဆက်သွယ်နိုင်မယ့် အွန်လိုင်းပညာရေး နည်းနာတွေကို အသုံးပြုသွားမယ် ဆိုပါတယ်။ သူငယ်တန်းတွေက TV ကနေ လေ့လာနိုင်မယ်။ မူလတန်းတွေ၊ အလယ်တန်းတွေကတော့
Deep ပလက်ဖောင်းကို သုံးမယ်။ အထက်တန်းကျောင်းသားတွေကတော့ နည်းလမ်း ၃-ခုစလုံး အသုံးပြုမယ် ဆိုပါတယ်။
အကယ်၍ လုံခြုံဘေးကင်းမှု ရှိလာပြီဆိုရင်တော့ ကျောင်းသားတွေကို အုတ်ကျောင်း စာသင်ခန်းမတွေထဲ ပြန်ဝင်ခွင့်ပေးမှာ ပါ။ ဗိုင်းရပ်စ်ကာကွယ်ရေး ပစ္စည်းတွေ တပ်ဆင်မယ်။ သို့မဟုတ်ရင်လည်း ကျောင်းသားတွေကို တနေ့ခြား ကျောင်းတက်ခိုင်း တာမျိုး လူချဲပြီး စာသင်ကြားဖို့ စီစဉ်ပါလိမ့်မယ်။
လာမယ့် ရက်သတ္တ ၂ ပတ်မှာတော့ ပညာရေးဝန်ကြီးဌာနက ကျောင်းသားတွေ၊ မိဘတွေ၊ ဆရာတွေအတွက် သင်ကြားရေး ပစ္စည်းတွေ၊ အင်တာနက် ချိတ်ဆက်မှုတွေ အဆင်သင့် ဖြစ်-မဖြစ်ကို ဆန်းစစ်မှု တွေ လုပ်ပါလိမ့်မယ်။ ကျောင်းသင်ခန်းစာ ပို့ချပုံ (pedagogies) ကိုလည်း ဆန်းစစ်မှု လုပ်ပါမယ်။ မေလ ၁၈ ကနေ ဇွန် ၃၀ အကြားမှာ အစမ်းထုတ်လွှင့်မှုတွေလုပ်ပြီး၊ တုံ့ပြန် အကြံရယူတွေလုပ်ပါမယ်။ ထောက်ပံ့ထားတဲ့ ပစ္စည်း ကရိယာတွေ အလုပ်ဖြစ်-မဖြစ်လည်း ဆန်းစစ်ပါလိမ့်မယ်။
အစိုးရက အကြံပြုချက်တွေ စောင့်နေတုန်းမှာပဲ၊ ပြည်သူတွေဆီက အသံအမျိုးမျိုး ထွက်လာပါတယ်။ သူတို့ စိုးရိမ်ကြတာ ကတော့ အိမ်တွေမှာ သင်ယူလေ့လာဖို့ အခြေအနေမပေးတာ၊ ဒစ်ဂျစ်တယ်သဘော လူတန်းစား ကွာဟမှု ရှိနေတာ၊ ခေတ်မီ တဲ့ သင်ကြားပို့ချမှုပုံစံ ဖြစ်မှာ နဲ့ ကျောင်းသားတွေမှာ ကိုယ့်ဘာသာ ထိန်းကျောင်းမှု စည်းကမ်းအားနည်းနေတာပါပဲ။
တန်းတူညီမျှရေး ပညာရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့က ပညာရေးဆိုင်ရာ စီးပွားပညာရှင် ပုမ်ဆာရန် (Pumsaran Tongliemnak) က ပြောတာကတော့ အိမ်မှာစာသင်ကြား လေ့လာရမယ်ဆိုရင် ပညာသင်ကြားနိုင်တဲ့ တိတ်ဆိတ်တဲ့ ဒေါင့်တနေရာတော့ လိုပါတယ်။ ဒါပေမယ့် OECD အဖွဲ့ရဲ့ ၂၀၁၈ ကိန်းဂဏန်းတွေအရ အသက် ၁၅ နှစ်အထက် ထိုင်းကျောင်းသား ၃၀% ကျော်မှာ အိမ်မှာ စာလေ့လာနိုင်ဖို့ အခြေအနေကောင်းတွေ ရှိမနေဘူး ဆိုပါတယ်။ စီးပွားဖွံ့ဖြိုးပြီး OECD နိုင်ငံတွေနှုန်းနဲ့ယှဉ်ရင် ၃ ဆ များနေပါတယ်။
ကဆက်ဆတ် တက္ကသိုလ် (Kasetsart University) က ပညာရှင်တွေ စစ်တမ်းကောက်ယူမှု တခုမှာတော့ အွန်လိုင်း ပညာ လေ့လာရေး လုပ်မယ်ဆိုရင် ကျောင်းသား ၆၆% မှာ ကွန်ပြူတာ မရှိပါဘူး။ ၅၇% သော ကျောင်းသားတွေအိမ်မှာ အင်တာ နက် ရှိမနေပါဘူး။ ဆရာတွေက လေ့လာထားသလောက် ကျောင်းသား ၄၅% ကပဲ အီး-လေ့လာသင်ယူမှု (elearning) အတွက် အဆင်သင့် ဖြစ်ပါတယ်။ ၅၈% သော ဆရာတွေကပဲ အွန်လိုင်းက သင်ကြားပို့ချရမယ်ဆိုရင် အဆင်သင့် ဖြစ်ပါ တယ်။
ဘဏ္ဍာရေးဝန်ကြီးဟောင်း ကွန် (Korn Chatikavanij) ကို စင်္ကာပူနိုင်ငံ စတန်းဒတ်သတင်းစာ (The Standard) က အင်တာဗျူးလုပ်ရာမှာ အချိန်နည်းပေမယ့် ဒစ်ဂျစ်တယ် လေ့လာသင်ယူမှုကို စမယ်လို့ ဖြေကြားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ နည်းပညာသစ်တွေ ရှိတယ်။ လေ့ကျင့်ထားတဲ့ ဆရာတွေ၊ စွမ်းဆောင်နိုင်တဲ့ ဆရာတွေ၊ မြန်မြန်ဆန်ဆန် ကူးပြောင်းနိုင်တဲ့ ဆရာတွေရှိတယ်လို့ ဆိုပါတယ်။ သေချာတာက ထိုင်းနိုင်ငံက ဆရာတွေ အကျင့်ပါနေတာက “အပေါ်ကနေ-အောက်သို့ အလွတ်ကျက်ပညာရေး” (top-down rote-learning approach) ပဲ စွဲနေကြတာပါ။
မဟီဒေါတက္ကသိုလ်က တွဲဖက်ပါမောက္ခ ပရီဒီ (Predee Phisphumvidhi) ပြောတာက ဒီပြဿနာကို ဖြေရှင်းနိုင်ရင်တောင်မှ ကျောင်းသားတွေက ကိုယ့်ဘာသာစည်းကမ်းကျမှ၊ လွတ်လပ်စွာ ကိုယ့်ဘာသာ သင်ယူမှုလုပ်နိုင်မှ အဝေးသင် ပညာရေးက အလုပ်ဖြစ်မယ်လို့ ဆိုပါတယ်။ သေချာတာက ကျောင်းသားအများစုမှာ ဒီအရည်အချင်း ကင်းမဲ့နေပါတယ်။
ထိုင်းနိုင်ငံမှာ ကူးစက်မှု ကျလာပါတယ်၊ ဒီကြားထဲမှာ အဝေးသင်ပညာရေးကို စတင်နိုင်ခဲ့ရင် အခြားနိုင်ငံတွေက အတွေ့ အကြုံတွေလိုပဲ ကြုံရနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပုံစံပဲ စတင်စတင် အဝေးသင်ပညာရေးက သစ်မရမီစပ်ကြား ဝါးဖောင်ကွပ် (stopgap measure) လုပ်ငန်းမျိုးတော့ မဟုတ်ပါဘူး။ အဝေးသင်ပညာရေးက ကျောက်မီးသွေးတွင်းထဲဆင်းတဲ့ လုပ်သားတွေရဲ့ ငှက်ကလေးတကောင် (a canary in the coalmine) လိုပါပဲ။ [သဘောကတော့ မိုင်းတွင်းတွေထဲမှာ အဆိပ် ဖြစ်စေတတ်တဲ့ ဓာတ်ငွေ့တွေ ရှိနေတတ်ပါတယ်။ မိုင်းလုပ်သားတွေ ဆင်းတဲ့အခါ ငှက်ကလေးတကောင် ယူသွားတတ်တယ် ဆိုပါတယ်။ အဆိပ်သင့်လို့ ငှက်သေရင်၊ လူက ဆက်မဆင်းတော့ပါဘူး။ ဒီသဘောပါ။]
ကျနော်တို့ကိုယ်တိုင် ခါးပတ်တင်းတင်းပတ် ကာလကြာမြင့်ကတည်းက ရှိနေတဲ့၊ ဒစ်ဂျစ်တယ် ပညာရေး ပူးပေါင်း ပေါင်းစပ် စေရေးဆိုတဲ့ ကတိကဝတ်တွေကို ဖြည့်ဆည်းရမှာပါ။ ဒါ့အပြင် မိဘတွေကလည်း ကလေးပညာရေးမှာ ပူးပေါင်းဆောင်ရွက် မှုပြု၊ ကလေးတွေကလည်း ဘယ်တော့မှ မရပ်နားတဲ့ လေ့လာမှု (never stop learning) စိတ်ထားမျိုး ထားရှိ ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။
#Crd Aung Thu Nyeen
#Ref : Bangkok Post
No comments:
Post a Comment