Monday, May 4, 2020

#စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းနေသည့်အတွက်အိမ်ခြံမြေကားများကို ဘဏ်ချေးငွေဖြင့် ၀ယ်ယူထားသူများ ငွေပေးသွင်းရန်အခက်အခဲကြုံတွေ့နေ


############################

#စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းနေသည့်အတွက်အိမ်ခြံမြေကားများကို ဘဏ်ချေးငွေဖြင့် ၀ယ်ယူထားသူများ ငွေပေးသွင်းရန်အခက်အခဲကြုံတွေ့နေ

############################

#ဗဟိုဘဏ်ကညွှန်ကြားချက်ထုတ်မှသာ Customer နှင့် ဘဏ်များအတွက် ပိုမို ဘောင်၀င်ပြီးတပြေးညီဖြစ်မည်

############################

#အဆင်ပြေနိုင်မည့်နည်းလမ်းများဖြင့် ဘဏ် နှင့် Customer များညှိနှိုင်းရန်လိုပြီး အစိုးရ နှင့်ဗဟိုဘဏ် ဘက်မှလည်း ကြား၀င်ညှိနှိုင်းပေးရန် လိုအပ်လာ

############################



ကိုရိုနာ ဗိုင်းရပ် ကြောင့် ကမ္ဘာအနှံ့တွင် သာမက မြန်မာနိုင်ငံ ဒေသတွင်းအနှံ့အပြားတွင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိပါသည်။ သို့ဖြစ်၍ ဝန်ထမ်းများ အလုပ်ဆိုင်းငံ့ခံရခြင်း၊ လစာအပြည့်မရ ရှိတော့ခြင်း၊ လုပ်ငန်းငယ်အမျိုးမျိုးနှင့် နေ့စဉ်စျေးရောင်းချနေရသူများပါ စျေးကွက်ပျက်ပြီးအခက်အခဲမျိုးစုံ ကြုံတွေ့ကာ ဝင်ငွေရရှိမှုနည်းပါးလျက်ရှိနေကြရပါသည်။
ပုံမှန်ကာလအခြေအနေက အရစ်ကျငွေပေးသွင်းမှု စနစ်ဖြင့် တိုက်ခန်းများ၊ အိမ်ရာများ ၊ မော်တော်ယာဉ်များကို ဘဏ်များမှ ပုံမှန်၀င်ငွေ ရှိသူများကို ရောင်းချပေးခဲ့ရာ ဘဏ်မှ အရစ်ကျ ၀ယ်ယူသူများ အကြား နှင့် စီးပွားရေး လုပ်ငန်းများ အကြားတွင်အကျိုးကျေးဇူးများဖြစ်ပေါ်ခဲ့သကဲ့သို့ ကြားခံ ဆောင်ရွက်ပေးခဲ့သည့် ဘဏ်များ ဘက်တွင်လည်း ထိုက်သင့်သည့် အကျိုးခံစားမှုများ ရရှိခဲ့ပါသည်။
ယခုအခါ ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံ အတွင်းရှိ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းနေရသည့် ကာလမှာ တစ်ဖြည်းဖြည်း ကြာရှည်လာသည့် အတွက် အလုပ်လက်မဲ့ ဖြစ်ပွားမှုများ တိုးပွားများပြားလာပြီး ဘဏ်ချေးငွေဖြင့်ဝယ်ယူထားကြသည့် ပြည်သူများ အနေဖြင့် လစဉ် ပေးသွင်းရမည့် ငွေကြေးများ ပေးသွင်းရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဘဏ် နှင့် Customer များအသိုင်းအ၀န်းတွင် နေ့စဉ်နှင့် အမျှကြားသိနေရပါသည်။
ယင်းသို့အခက်အခဲများကြုံတွေ့နေရမှုကြောင့် ငွေပေးသွင်းမှု ခက်ခဲလာသည့် အတွက် ကားစျေးကွက်တွင်လည်း ဘဏ်ပြန်ကားစျေးကွက်များ ပေါ်ထွတ်လာရပါသည်။
အရစ်ကျ ၀ယ်ယူထားသူများနှင့် ဘဏ်များအကြား ဖြစ်ပေါ်နေသည့် ငွေကြေးဆိုင်ရာအခက်အခဲများ ပြေလည် စေရန် အတွက်လုပ်ဆောင်သင့်သည့် နည်းလမ်းများကို ထင်ရှားသည့် လွှတ်တော်ကိုယ်စားလှယ် ၊ စီးပွားရေးလုပ်ငန်းရှင်၊ ဘဏ်ဥပဒေပညာရှင်များနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်အချို့၏ စီးပွားရေးသုံးသပ်မှုသဘောထားအမြင် များကို #MyanmarLuDuMedia က ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်-


#ဦးမောင်မြင့် ( မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် )


HP နဲ့ ကုမ္မဏီတွေကပဲ ၀ယ်၀ယ် ဘယ်နေရာကဘဲ ၀ယ်၀ယ် ရောင်းမယ့် လူတွေ အနေနဲ့ မူရင်းစာချုပ်အရ ဘယ်လိုဘဲ ချုပ်ထားချုပ်ထား အခုဖြစ်ပျက်နေတဲ့ အနေအထားအရ ပေးဆပ်ရမယ့် လူတွေ အတွက် အခွင့်အရေးတစ်ခုတော့ ပေးသင့်တယ်။


၀ယ်တဲ့လူတွေက စက်ရုံအလုပ်ရုံ တွေလို အလုပ်သမားတွေနဲ့ လုပ်တာ မဟုတ်လို့ ကိုဗစ် အတွက် ချေးငွေလည်း ရမှာ မဟုတ်ဘူး ၊ တစ်ဦးတစ်ယောက်ချင်း ၀ယ်တယ်ဆိုပေမယ့်လည်း ဒီပြဿနာက နိုင်ငံအတွက် ပြဿနာ အထုပ်ကြီးဖြစ်လာနိုင်တယ် ။


အရစ်ကျ ၀ယ်တဲ့ လူတွေ နဲ့ ရောင်းချသူတွေ ဘဏ်တွေ အားလုံး ကြားမှာ ပိုမိုကောင်းမွန်တဲ့ အဖြေတစ်ခု ရဖို့ ကြားချ ဆောင်ရွက်မှသာ အကောင်းဆုံးဖြစ်လာမှာပါ။

နည်းလမ်းတွေ အများကြီး ရှိတဲ့ အထဲမှာ ပြန်ဆပ်ရမယ့် ကာလကို နည်းနည်း နောက်ဆုံး ရွှေ့ဆိုင်းတာ ၊ နောက်တစ်ခုက ငါးကြိမ် သွင်းရမယ်ဆိုရင် အကြိမ်ရေ တိုးပေးလိုက်တဲ့ ပုံစံမျိုး တွေ လုပ်လို့ရတယ် ၊ နှစ်ဖက်ညှိပြီး သဘောတူတဲ့နည်းလမ်းတွေ နဲ့လည်း လုပ်လို့ရတယ်။

ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေကနေ အဆင်ပြေမယ့် နည်းလမ်းတွေကို ရှာဖွေ လုပ်ကိုင်ဖို့ အားပေးပါတယ်။

ကိုဗစ်အလွန်ခဏထား အခုကိုဗစ်ကာလ မှာကိုတောင် ကျွန်တော်တို့ရဲ့ စီးပွားရေးကို ရိုက်ခတ်နေပြီ ၊ ကိုဗစ်ကုသတာ ခက်ခဲသလို ကိုဗစ်အလွန်က စီးပွားရေးကို ကုသတာက ပိုခက်ခဲပါတယ်၊ ပိုရှုပ်ထွေးတယ်။

ကမ္ဘာအနှံ့မှာဖြစ်တဲ့အတွက် ဘယ်သူမှလည်း ကူညီနိုင်မှာ မဟုတ်ဘူး ၊ ဗဟိုဘဏ်က အတိုးနှုန်းလျော့ချတာကတော့ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတဲ့ အစိုးရရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။

ဒီ ကိစ္စမှာလည်း ဗဟိုဘဏ် အနေနဲ့ ထိုက်သင့်တဲ့ ၀င်ရောက်စွက်ဖက် ပြောဆိုမှုကို လုပ်သင့်တဲ့ အချိန်လို့ မြင်ပါတယ်။




 #ဒေါက်တာစိုးထွန်း (စီးပွားရေးလုပ်ငန်းရှင်)



Covid ကြောင့် လူတွေ အပြင်မထွတ်ရဘူး လုပ်ငန်းတွေလည်း ရပ်လိုက်ကြတော့ အရစ်ကျ သွင်းရမယ့် လူတွေ အတွက်လည်း အခက်အခဲ ဖြစ်ကြတယ်။



တစ်ချို့ဘဏ်တွေကတော့ သုံးလဆိုင်း လုပ်ပေးမယ်ဆိုပြီး ပြောကြတယ်၊ လျှောက်လွှာ တင်ကြတယ် တင်ကြတယ်၊သုံးလဆိုင်းဆိုတာကလည်း အဲဒိသုံးလ မသွင်းတာပဲရှိတယ် ပြီးရင် ပြန်သွင်းရမှာပဲ။


ကိုဗစ် အပြီး လုပ်ငန်းတွေ ပြန်ကောင်းမလားဆိုတော့လည်း မသေချာပြန်ဘူး ၊ အဲဒိပြသနာတွေ ရှိတယ်။

တခြားနိုင်ငံတွေမှာ အစိုးရက အတိုးကို ကျခံပေးတာ ရှိတယ် ၊ဘင်္ဂလားဒေ့ရ်ှဆို တစ်၀က်ပေးတာတွေ ရှိတယ်။

အစိုးရက ကျခံပေးတာ မလုပ်ဘဲ ဆိုင်းငံ့ပေးတာဆိုရင်လည်း အချိန်ကျရင် ပြန်သွင်းရမယ် ၊ အတိုးနှုန်းကလည်း များတယ် ၊ ကျွန်တော်တို့ မြင်တာကတော့ အစိုးရ အနေနဲ့ အခြားနိုင်ငံတွေလို အိမ်ခြံမြေ ကား ၀ယ်ထားတဲ့ လူတွေ အတွက် အနည်းဆုံး အတိုးထက်၀က်လောက်ကျခံပေးရင်တော့ ပိုအဆင်ပြေမယ် လို့မြင်တယ်။

လုပ်ငန်းတွေ ရပ်လိုက်တော့ နောက်ဆက်တွဲ ပြသနာတွေ အများကြီး ရှိလာနိုင်တယ်။




#ဦးကျော်ကျော်စိုး ( ပြည်သူ့ပါတီ - တွဲဖက်အထွေထွေအတွင်းရေးမှုး -၂ )




အဲဒိကိစ္စနဲ့ ပက်သက်ပြီးပြောရင် နှစ်ပိုင်းပြောရမယ် ၊ အိမ်ခြံမြေ နဲ့ ကားပေါ့ ၊ တစ်ချို့ကျတော့ ကနဦးသွင်းငွေကို ၃၀ ရာခိုင်နှုန်း သို့မဟုတ် ၄၀ ရာခိုင်နှုန်း သွင်းပြီး အရစ်ကျယူပြီးဆပ်ကြတယ်။



အချို့ကျတော့ ၆၀ သို့မဟုတ် ၇၀ ရာခိုင်နှုန်းဆပ်ပြီးသား ဖြစ်နေပြီ ၊ ၄၀ ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်းဘဲ သွင်းပြီး ဆက်ပြီး မသွင်းနိုင်တော့ဘူးက တစ်ပိုင်းပေါ့ ၊ သွင်းတဲ့လူဘက်ကလည်း ကျန်တဲ့ ၆၀ % ၇၀ % ကိုဆက်ပြီးသွင်းဖို့ အခက်အခဲရှိမယ် ၊ အဲဒိတော့ ဖြစ်လာမယ့် အကျိုးဆက်က ဘဏ်က ပစ္စည်းသိမ်းတာတွေ ဖြစ်လာလိမ့်မယ်။




ကားစျေးကွက်မှာတောင် ဘဏ်ပြန်စျေးကွက်ဆိုပြီး စပေါ်လာပြီ ၊ ဘဏ်တွေကို ဆက်မသွင်းနိုင်တဲ့ကားတွေကို သိမ်းလိုက်တဲ့ သဘောပေါ့ ၊အဲဒါက တစ်ပိုင်းပါ ၊ နည်းနည်းသွင်းထားမယ့် လူတွေကတော့ အဆုံးခံလိုက်မယ့် သဘောများတယ်။



ဘာကြောင့်လည်းဆိုတော့ အိမ်ခြံမြေစျေးတွေက ကျသွားပြီ ၊ နောက်တစ်ခုက ရာခိုင်နှုန်း ၆၀ % ၇၀ % သွင်းပြီးတဲ့လူတွေကျတော့လည်း သူတို့က မဖြစ်မနေ သွင်းရတော့မယ် ၊ အခိုက်အတန့်မှာတော့ အခက်အခဲ ရှိနိုင်တယ်။

အဲဒါမျိုးဆိုရင် ဘဏ်နဲ့ ဖောက်သည်ကြား ပြန်ညှိဖို့လိုတယ် ၊ ဆိုင်းငံ့ကာလ ဘယ်လောက်ထားမလဲပေါ့ ။

ဘဏ်ဘက်ကလည်း သိမ်းချင်းးတိုင်း သိမ်းလို့မရဘူး ၊ဘဏ်မှာ ရှိတဲ့ အရင်းအနှီးနဲ့ Access ကိုရာခိုင်နှုန်း သတ်မှတ်ထားတာ ရှိတယ် ၊ ဗဟိုဘဏ်ဘက်က ထိန်းထားတာတွေ ရှိတယ်။

Customer နဲ့ Bank တွေညှိဖို့ကောင်းတယ် ၊ မဟုတ်ရင် နှစ်ဦးနှစ်ဖက် ကောင်းမှာ မဟုတ်ဘူး။

ဘဏ်တစ်ခုချင်းအနေနဲ့ လုပ်လို့ရပေမယ့် ပြဿနာက ဆိုင်းထားရင် သူ့မှာ အတိုးမရတော့ဘူး ၊ အတိုးမရရင် တစ်ဘက် အပ်ငွေအပေါ် အတိုးပေးရခက်သလို ၀န်ထမ်းစရိတ်တွေလည်း ရှိတယ်။

ဒီကိစ္စဗဟိုဘဏ်ကြား၀င်ပြီး ညွန်ကြားချက်ထုတ်ပေးမှ ရမယ်။




#ဆရာအောင်ချိန်ဘွား (စီးပွားရေးဆောင်းပါးရှင်)


ဘဏ်ဆိုတာချက်ချင်းလက်ငင်းလုပ်ပေးရတဲ့လုပ်ငန်းဖြစ်တယ်။ ပိတ်လိုးလည်းမရဘူး အချိန်လျှော့တာမျိုးတော့ရတယ်၊ ခုတောင် ဘဏ်အလုပ်ချိန် နံနက် ၁၀ နာရီကနေ မွန်းလွဲ ၂ နာရီ အထိလို့သိရတယ်။



ပြည်သူတွေက ဘဏ်ချေးငွေနဲ့ အိမ်ဝယ် ကားဝယ် လုပ်ငန်းလုပ်ကြတယ်၊ ပြန်ဆပ်ရတဲ့အခါ အခက်အခဲတွေ့လို့ ပြန်ဆပ်ဖို့ကျန်နေတာတွေလည်းတွေ့ရတယ်။ ခုလို ကိုဗစ်ရောဂါဖြစ်နေတဲ့ကာလမှာတော့ အရေးပေါ်လုပ်မှရမယ့် အခြေအနေတွေကို ဗဟိုဘဏ်က ချက်ချင်းလုပ်ဆောင်ပေးနေတာတွေ့တယ်။

ချေးငွေပြန်ဆပ်ကာလရွှေ့ဆိုင်းတဲ့ကိစ္စက အေးအေးဆေးဆေးလုပ်လို့ရလို့ အရေးပေါ်မလုပ်တာလည်းဖြစ်နိုင်တယ်။

ခုချိန်မှာပြည်သူတွေစိုးရိမ်ရမှာက ရောဂါပျံ့ပွားပြီးသေကုန်မှာကို စိုးရိမ်ရမယ်။ ဘဏ်ကြွေးဆပ်ဖို့ကိစ္စက စိုးရိမ်မှုမလွန်ကဲဖို့လိုတယ်။ အစိုးရကို အပစ်မမြင်ဘဲ ပြဿနာမရှာဘို့လိုတယ်။ ဘဏ်ကြွေးမဆပ်လို့ ချက်ချင်းသိမ်းလို့မရဘူး၊ အဆင့်ဆင့်လုပ်ရပါတယ်။ခုချိန်မှာ ပြန်မဆပ်နိုင်လို့ ချက်ချင်းသိမ်းမယ် ဒဏ်ကြေးကောက်မယ်ဆိုရင် ကိုဗစ်ကုစားရေးကိုတိုင်လို့ရပါတယ်။

ပြည်သူတွေ စိုးရိမ်မှုမလွန်ကဲပါနဲ့ ခုချိန်မှာဘဏ်ကြွေးလာတောင်းရင် အဆင့်ဆင့်ထောက်ခံချက်တွေနဲ့ ပြန်တင်ပေးလိုက်လို့ရတယ်။ ခုလို ကိုဗစ်ကာလမှာ ဘဏ်တွေကလည်း အကြွေးမဆပ်နိုင်လို့ ဒဏ်ကြေးတွေအတင်းယူမယ်လို့လည်းမထင်ပါဘူးလို့ စီးပွားရေးရှုထောင့်အနေနဲ့ပြောချင်ပါတယ်။



#ဒေါ်အိလဲ့၀င်းကြိုင် အကြီးတန်းမန်နေဂျာ (ဥပဒေဌာနမှူး) မြန်မာနိုင်ငံသားများဘဏ်(MCB)



ချေးငွေအရင်း/အတိုးများပြန်မဆပ်ခြင်း နဲ့ပတ်သတ်လို့ ဗဟိုဘဏ်ညွှန်ကြားချက်အမှတ် ၁၇/၂၀၁၇ အရ ပေးဆပ်ရန်ပျက်ကွက်သည့်နေ့မှ ၉၁ ရက်ကျော်ရင် စံမမှီ ချေးငွေ

(NPL) အဖြစ်သတ်မှတ်ရပါတယ်။

Customer တွေဘက်က စည်းကမ်းသတ်မှတ်ရက်အတွင်းအရင်း/အတိုးပေးဆပ်ခြင်းမရှိတဲ့အတွက် ဘဏ်မှဆွေးနွေးတောင်းခံပြီး ပြန်လည်ပေးဆပ်ခြင်းမရှိပါက ဥပဒေအတိုင်းအရေးယူဆောင်ရွက်ရပါတယ်။

ဘဏ်နဲ့ Customer တို့ချုပ်ဆိုထားတဲ့ အော်ဒီမန်ကတိစာချုပ်/ငွေချေးစာချုပ်(Pro Note ) အရ စာချုပ်သက်တမ်း သုံးနှစ်အတွင်းမှာ ပျက်ကွက်သူကို ရှေ့နေ နို့တစ်ထုတ်ဆင့်ပြီးနောက် တရားစွဲဆိုရပါတယ်။ ဒါကတော့ ဥပဒေ‌အရအရေးယူဆောင်ရွက်မှုဖြစ်ပါတယ်။

အခုလို ကိုဗစ်ကပ်ရောဂါကာလမှာ အကယ်လို့ဘဏ်ချေးငွေပြန်မဆပ်နိုင်သေးတဲ့ Customer အနေနဲ့ သက်ဆိုင်ရာဘဏ်နဲ့ ညှိနိုင်းပြီးအသနားခံစာတင်ထားရင် Customer ဘက်ရော ဘဏ်ဘက်ကပါ ကနဦးအဆင်ပြေနိုင်မယ့်သဘောရှိပါတယ်။

ဒါကတော့ အပြုသဘောဆောင်အကြံပေးခြင်းဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့အတိုးနူန်းလျော့ပေးတဲ့ညွှန်ကြားချက်တွေတော့ထုတ်ပြန်ပေးပါတယ်။ အဲ့တာတောင် ခုလို ကိုဗစ်ကာလမှာ‌‌ချေးငွေအတိုးပေးသွင်းဖို့ခက်ခဲနေတဲ့ Customer တွေရှိနေပါတယ်။

ဘဏ်အချို့ကတော့ယခုကာလမှာ ငွေပြန်ဆပ်မှုကာလကိုနှစ်လသုံးလဆိုင်းငံ့ပေးတာမျိုးတွေ တော့ကိုယ့်ဘဏ်ရဲ့မှုနဲ့ကိုယ်လုပ်ပေးနေကြတာတွေလည်းရှိပါတယ်။

ချေးငွေယူထားသူပြည်သူတွေအားလုံးအတွက်တစ်ပြေးညီဖြစ်ဖို့ကတော့ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်ထွက်မှသာဘဏ်အားလုံးအတွက်အကျုံး၀င်မှာပါ။

ကိုဗစ်ရောဂါကာလအတွင်းဘဏ်ချေးငွေယူထားတဲ့ပြည်သူတွေ၀န်ထုပ်၀န်ပိုးမဖြစ်ဖို့နဲ့ ဘဏ်တွေလည်း
NPL(Non Performing Loan) % မမြင့်တက်စေဖို့အတွက်ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်မှသာ Customer အတွက်ကော ဘဏ်တွေအတွက်ကော ပိုပြီးဘောင်၀င်မယ်တပြေးညီဖြစ်မယ်လို့မြင်ပါတယ်။

ကျွန်မတို့ဘဏ် ကျွန်မတို့ဌာနအနေနဲ့ကတော့ယခုကာလမှာ Customer တွေအရမ်းမထိခိုက်အောင် ဆွေးနွေးမှုတွေ၊ ညှိနိုင်းမှုတွေ ၊တတ်နိုင်သလောက်စောင့်ဆိုင်းပေးမှုတွေကို ဦးစားပေးလုပ်ဆောင်နေပါတယ်။



#ဦးအောင်ကျော် (တရားလွှတ်တော်ရှေ့နေ)


အခုကာလမှာ အမိန့်တွေ ညွှန်ကြားစာတွေက ထွက်ရှိနေတဲ့ အတွက် စီးပွားရေးအခြေအနေတွေ အခက်အခဲ ဖြစ်ပေါ်နေရပါတယ်...။



ဒီလိုအချိန်မှာ အစိုးရအနေနဲ့ ပြည်သူလူထုအတွက် ပြုလုပ်ပေးသင့်တာတွေ အများကြီးရှိပါတယ်... မိသားစုတစ်စုမှာ မိဘက သားသမီးအပေါ်ငဲ့ညှာသလိုမျိုး အစိုးရအနေနဲ့လည်း ငဲ့ညှာသင့်နေတဲ့ အချိန်ပါ... ။

နိုင်ငံတော်ရဲ့ စီးပွားရေးတခုလုံးရော တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးရော ရပ်ဆိုင်းသလိုအခြေအနေမှာ ငွေချေးငှားပြီး လုပ်ငန်းလည်ပတ်နေသူများအဖို့ အတော်မလွယ်ကူတဲ့အခြေအနေပါ...။

အစိုးရအနေနဲ့ တိကျတဲ့ ညွှန်ကြားမူ အမိန့်ကြော်ငြာစာများထုတ်ဆင့်ပြီး ဖြေရှင်းပေးရမယ့်အခြေအနေပါ...။

ဗဟိုဘဏ် ဥပဒေအရ အခန်း(၁၂) အထွေထွေ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၉၁ အရ အစိုးရ၏ခွင့်ပြုချက်ဖြင့် ငွေကြေးကိစ္စများနှင့်သက်ဆိုင်သော လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိသည် ဆိုသည့်အတိုင်းပြုလုပ်သင့်ပါတယ်...။



No comments:

Post a Comment